သီပေါကို စစ်ကောင်စီဗုံးကြဲတဲ့အတွက် တစ်ဦးသေ၊ ရှစ်ဦး ဒဏ်ရာရ

RFA Burmese
2024.10.06
သီပေါကို စစ်ကောင်စီဗုံးကြဲတဲ့အတွက် တစ်ဦးသေ၊ ရှစ်ဦး ဒဏ်ရာရ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်တချို့အား ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့အတွင်းတွင် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: The Ta'ang Post

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်က ပေါင် ၅ဝဝ ဗုံး အပါအဝင် အနည်းဆုံး ဗုံးငါးလုံး ကြဲချတဲ့အတွက် အရပ်သားတစ်ယောက် သေဆုံးပြီး ဆယ်လသားအရွယ် ကလေးအပါအဝင် ရှစ်ယောက် ဒဏ်ရာရရှိတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အောက်တိုဘာ ၆ ရက်က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၅ ရက် ည ၈ နာရီခွဲကနေ ၁ဝ နာရီအထိ ဗုံးကြဲတိုက်ခိုက်တာကြောင့် သီပေါမြို့ စံပြမုန့်ဆိုင် ညစောင့် အသက် ၅၁ နှစ်အရွယ် အမျိုးသား တစ်ယောက် သေဆုံးခဲ့ပြီး သီပေါရဲစခန်းမှာ အကျဉ်းကျနေတဲ့ အမျိုးသားနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ပြောပါတယ်။

ဒါတင်မက နမ့်လန်အခြေစိုက် စစ်ကောင်စီက ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ နှစ်ကြိမ် ပစ်ခတ်ချိန်မှာ လွယ်ကျိုင်းကျေးရွာနဲ့ အေးရှားဝေါတိုးဂိတ်အနီး ကျရောက်ပေါက်ကွဲပြီး လွယ်ကျိုင်းကျေးရွာက ဆယ်လသားအရွယ် ကလေးအပါအဝင် အရပ်သား ခြောက်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

ဒီ လက်နက်ကြီးကြောင့် အိမ် အလုံး ၂၀ ကျော် နဲ့ အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေ အိမ်တွင်း ပစ္စည်းတွေ မီးလောင်ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။

ဒါတွေနဲ့ ပတ်သက်ပြီး သီပေါဒေသခံတွေကို RFA က ကြိုးစားဆက်သွယ်ပေမယ့် ဖုန်းလိုင်း အင်တာနက်လိုင်း အခက်အခဲကြောင့် ဆက်သွယ်လို့ မရဘဲ TNLA ပြောခွင့်ရသူ လွေးယေဦးကိုလည်း ဆက်သွယ်ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ သီပေါမြို့ စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းနေရာမှာ TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား အောက်တိုဘာ ၆ ရက် မနက် ၇ နာရီလောက် မှာ တိုက်ပွဲဖြစ်ပွားပြီး ထောက်ပို့လေယာဉ် Y12 နဲ့ စစ်ကောင်စီက လက်နက်ခဲယမ်းတွေ ခုနစ်ကြိမ်လာပို့ဆောင်တယ်လို့လည်း TNLA က သတင်းထုတ်ပြန်ပါတယ်။

သီပေါမြို့မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်တဲ့အတွက် အရပ်သား ၁၁ ယောက် သေဆုံးခဲ့ပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း TNLA က စက်တင်ဘာ ၃ဝ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။

လူမူကူညီကယ်ဆယ်ရေးအဖွဲ့တွေကတော့ ဒီနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သီပေါမြို့နယ်မှာ အရပ်သား ၃၁ ယောက် သေဆုံးခဲ့ပြီး ၉ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ RFA ကို စက်တင်ဘာ ၅ ရက်က ပြောထားပါတယ်။

ဒီစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ရှမ်းပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။