ဘုရားသုံးဆူမြို့မှာ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ ဖြစ်

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ မှာ ဒီကနေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားတဲ့အတွက် ၁၂ နှစ် အရွယ် ကလေးတဦး သေဆုံး ပြီး ၂ ဦး ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

2011.06.05
three-pagoda-blast-305-z ဘုရားသုံးဆူမြို့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ရုံး အဆောက်အဦတွင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တွေ့ရပုံ။ (Photo: RFA)
RFA

ဘုရားသုံးဆူမြို့က စရဖ ရုံးကို မျက်နှာဖုံး စွပ်ထားတဲ့ လူ ၂ ယောက်က ဝင်ရောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားပုံ အသေးစိတ်ကို မျက်မြင်တွေ့ခဲ့သူ တဦးက RFA ကို အခုလို ပြောပါတယ်။

“သုံးနာရီ ခွဲဖို့ ငါးမိနစ် အလိုပေါ့နော်၊ မြန်မာနာရီနဲ့ဆိုရင်။ စရဖ ရုံးက Informer တယောက် ပြေးထွက်လာတယ်။ ကျနော်လည်း ဘာဖြစ်တာလဲဆိုပြီး သွားကြည့်လိုက်တော့ မျက်နှာဖုံးစွပ်နဲ့ လူ နှစ်ယောက် စရဖ ရုံးကို သေနတ်နဲ့ ပစ်ပြီးတော့ ပြန်ထွက်လာတယ်။ ပြန်ထွက်လာတော့ ကျနော်တို့ဘက် ပြေးလာပြီးတော့ ဓမ္မာရုံအရှေ့ ရောက်လာတယ်။ ရောက်လာပြီးတော့ တယောက်က ဓမ္မာရုံထဲ ဝင်သွားတယ်။ လူတွေက အကုန်လုံး ပြေးကုန်ပြီးတော့ သူက လူထုကိုတော့ မပစ်ဘူး။ ဟိုမှာ စရဖ ရုံးက အသံကြားပြီးသား ဆိုတော့ လူတွေက ပြေးကုန်ကြတယ်။ ကျနော်တို့လည်း အိမ်ထဲ ပြန်ပြေးဝင်တာပေါ့။ သူတို့လည်း ထွက်သွားရော ကားတစီးကို သေနတ်နဲ့ ချိန်ပြီးတော့ တားပြီးတော့ သူတို့ပြန်ထွက်သွားတယ်။ သူတို့ ထွက်သွားတဲ့အချိန်မှာ ကျနော်တို့လည်း လိုက်ထွက်လာတော့ ဓမ္မာရုံနားပဲ ရောက်သေးတယ် ဓမ္မာရုံမှာ ထ,ကွဲတာ။ ချိန်ကိုက်ဗုံး ဖောက်ပြီး ထွက်သွားတာပေါ့။ စရဖ ရုံးမှာ အရင်ကွဲတယ်”

စစ်သားတွေ အမြဲတမ်း စောင့်နေလေ့ရှိတဲ့ ဓမ္မာရုံထဲကို မျက်နှာဖုံးစွပ်နဲ့ တယောက်က ဝင်ရောက်သွားပြီး ချိန်ကိုက်ဗုံး ထောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းကို ဈေးဝယ်ရင်း မျက်မြင် ကိုယ်တွေ့မြင်ခဲ့တဲ့ ကိုကြည်ဝင်းက RFA ကို အခုလိုပြောပါတယ်။

“သေနတ်သမားက နှစ်ယောက်ပေါ့ဗျာ။ ခေါင်းစွပ် စွပ်ထားတယ်။ ဆင်းလာပြီးတော့ အဲဒီမှာ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေတော့ လူတွေ ထွက်ပြေးတယ်။ ထွက်ပြေးပြီးတော့ တမိနစ်လောက်အကြာမှာပဲ ကျနော်တို့လည်း ဆိုင်ကယ်နဲ့ ထွက်ပြေးဖို့ စီစဉ်နေတုန်းမှာ ပေါက်ကွဲသံကြားတော့ ကျနော်တို့လည်း လဘက်ရည်ဆိုင်ထဲ ပြေးဝင်တာပေါ့။ အဲဒီမှာ သူတို့ လူ ၂ ယောက် ဗုံးချပြီးတော့ ဖောက်တယ်ဗျာ။ ဖောက်ပြီးတော့ သူတို့ကားဆီကို တက်ဖို့ လျှောက်သွားတာပေါ့။ အဲဒီ အချိန်မှာ စရဖရုံး ဘက်ကလား ဘယ်ကလဲ မသိဘူး၊ ၂ ချက် ၃ ချက်ပစ်တယ်။ ပစ်တော့ သူတို့ 79 နဲ့ နောက်ထပ်တလုံး ထပ်ချတာ။ ပြီးတော့ သူတို့ သုံးလေးချက် ထပ်ပစ်တယ်။ စုစုပေါင်း လူ ၄ ယောက်။ ကားပေါ်တက်သွားပြီးတော့ တိုင်တရာကုန်း ဘက်ကို မောင်းပြေးသွားတယ်”

ဗုံး ၂ လုံး ပေါက်ကွဲတာဖြစ်ပြီး နောက်ထပ် မကွဲသေးတဲ့ ဗုံးတလုံးကိုလည်း အိမ်တအိမ်ရှေ့မှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အခု ချိန်ကိုက်ဗုံးထောင် ဖောက်ခွဲမှုကြောင့် လူအသေအပျောက် အတိအကျ မသိရသေးပေမယ့် အသက် ၁၂ နှစ်အရွယ် ကလေးမတဦးလည်း သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားပြီး စရဖ ရုံးက တပ်ကြပ်ကျော်အောင်ဆိုသူ အပြင်းအထန် ဒဏ်ရာ ရရှိသွားပါတယ်။ ဒါ့အပြင် အငှားဆိုင်ကယ် မောင်းသူတဦးလည်း ဒဏ်ရာ ရရှိသွားကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။