သင်္ကြန်အကြိုနေ့ ရန်ကုန်နဲ့လက်ပံတန်းမှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲ

2023.04.13
သင်္ကြန်အကြိုနေ့ ရန်ကုန်နဲ့လက်ပံတန်းမှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ သင်္ကြန်ရေကစားမဏ္ဏပ်တစ်ခုအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Photo: RFA

သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဧပြီလ ၁၃ ရက် မနက်ပိုင်းမှာ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့၊ မြို့မဈေးအနီးက စစ်ကောင်စီ ရေကစားမဏ္ဏပ်နဲ့ ရဲစခန်းအနီးမှာ ဒီကနေ့ မနက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ လက်ပံတန်းမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနက် ၅ နာရီ ၄၅ လောက်မှာ ရေကစားမဏ္ဏပ်အနီးမှာ ဗုံးတစ်လုံး ပေါက်တယ်။ ၆ နာရီခွဲကျတော့ ရဲစခန်းနားမှာ တစ်လုံးပေါက်တယ်။ နှစ်ခုစလုံးက အသံဗုံးတွေပဲ။ ထိခိုက်မှုတော့မရှိဘူး။ မြို့ထဲမှာတော့ ရေကစားတဲ့သူတွေ မရှိတော့ဘူး"

ဒီလိုပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက လက်ပံတန်းမြို့ထဲမှာ စစ်ဆေးမှုတွေရှိခဲ့တယ်လို့လည်း သူကပြောပါတယ်။

လက်ပံတန်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ စစ်ကောင်စီရဲ့ သင်္ကြန်ကိုတော်လှန်ဆန့်ကျင်ကြဖို့ သတိပေးတဲ့အနေနဲ့ ဖောက်ခွဲမှုတွေလုပ်ခဲ့တာလို့ RFA ကိုပြောပါတယ်။

အလားတူ ရန်ကုန်တိုင်း၊ သာကေတမြို့နယ် အမှတ်(၆)ရပ်ကွက်၊ မြင်တော်သာရုပ်ရှင်ရုံ အနီးက ယာဥ်ထိန်း ရဲကင်းထဲမှာ ဧပြီလ ၁၃ ရက် မနက် ၉ နာရီ ၄၇ မိနစ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရန်ကုန်ကင်းထောက်အဖွဲ့ Eagles News တာဝန်ခံက RFA ကိုပြောပါတယ်။

ဒီပေါက်ကွဲမှုတွေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

စစ်ကောင်စီက စည်စည်ကားကားကျင်းပဖို့ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်ကို ပြည်သူတွေအနေနဲ့ မပါဝင်ကြဖို့နဲ့ ဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။