စစ်ကိုင်း ကြွယ်ပုံရွာ ရေကစားမဏ္ဍပ် ဗုံးကွဲမှု ရှစ်ဦး သေဆုံး
2023.04.14

Updated 5:20 PM Apr 14, 2023
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာ အလယ်တန်းကျောင်းရှိ ကျေးရွာရေကစား မဏ္ဍပ် ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ ညနေပိုင်းက ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် ကလေးငါးဦး အပါအဝင် ရှစ်ဦး သေဆုံးပြီး နောက်ထပ် ၃၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီက ဒီနေ့ ဧပြီ ၁၄ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ကလေးတွေနဲ့ ရွာသူ၊ ရွာသားတွေ ရေကစားနေစဉ် မနေ့ညနေ ၅ နာရီ ၄၀ မိနစ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဗုံး လေးလုံးနဲ့ ကျေးရွာရေကစားမဏ္ဍပ်ကို တိုက်ခိုက်ခဲ့တာလို့ စစ်ကောင်စီက စွပ်စွဲပါတယ်။
ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒီတိုက်ခိုက်မှုကို သူတို့အဖွဲ့က လုပ်ဆောင် ခဲ့တာ မှန်ကန်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြု ပြောဆိုပါတယ်။
စစ်ကောင်စီထုတ်ပြန်ချက်မှာ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အသက်အရွယ်နဲ့ အမည်အတိအကျကို ဖော်ပြမထားပါဘူး။
ကြယ်ပုံရွာ ဒေသခံတချို့ကတော့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူအများစုဟာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ပြောပါတယ်။
စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာပဲ စစ်ကောင်စီတပ်က စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာမှာ လာရောက် တပ်စွဲထားတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ရွာကို မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။
သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဧပြီလ ၁၃ ရက် မနေ့က တစ်ရက်တည်းမှာတင် ရှမ်းပြည်နယ် လားရှိုး၊ ပဲခူးတိုင်း လက်ပံတန်း၊ ရန်ကုန် သာကေတနဲ့ လှိုင်သာယာမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး လာရှိုးမြို့ဗုံးပေါက်ကွဲမှုမှာ လူ လေးဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။