နေပြည်တော် မြို့မစျေးအနီးက ရဲစခန်း လက်ပစ်ဗုံးနှင့် အပစ်ခံရ

2021.10.20
နေပြည်တော် မြို့မစျေးအနီးက ရဲစခန်း လက်ပစ်ဗုံးနှင့် အပစ်ခံရ နေပြည်တော်၊ သပြေကုန်းအဝိုင်းကို ၂၀၂၀၊ ဧပြီလက တွေ့ရစဉ်
Photo: RFA

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မြို့မစျေးအနားက အမှတ် (၃) ရဲစခန်းကို အောက်တိုဘာလ ၁၉ ရက်နေ့ မနေ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က သတင်း ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်)၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖ) အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ပစ်ဗုံး ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ နေပြည်တော် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် လုပ်လာရတာက စစ်ကောင်စီကို အုပ်ချုပ်ခွင့်မပေးချင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ နေပြည်တော် PDF သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ငွေစိုးက ပြောပါတယ်။

“စစ်ကောင်စီကို ကျနော်တို့လူထုက လုံးဝအုပ်ချုပ်ခွင့် မပေးတဲ့အနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ထောက်တိုင်တွေကို ခပ်စိပ်စိပ် တိုက်ခိုက်နေရတာပါ၊ ဆက်ပြီးတော့လည်း တိုက်ခိုက်မှုတွေ လုပ်သွားမှာပါ” လို့ ဗိုလ်ငွေစိုးက ဆိုပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းမှာ ပျဉ်းမနားမြို့နယ်က စစ်တပ်ပိုင် မြဝတီဘဏ်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (နေပြည်တော်) အဖွဲ့က ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အစောင့်စစ်သား နှစ်ဦး သေဆုံးခဲ့သလို ‌အောက်တိုဘာ ၁၄ ရက်နေ့ကလည်း လယ်ဝေးမြို့နယ် ရှမ်းစုရွာက စစ်ဆေးရေးဂိတ် အပစ်ခံရတာကြောင့် ဒုရဲအုပ် တစ်ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်မှာရှိတဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) လက်အောက်ခံ ပစ္စည်းဝယ်ယူခွင့်ညွှန်ကြားရေးမှူးရုံး ကက(၀ယ်) မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ယာဉ်တစ်စီးနဲ့ အဆောက်အအုံအစိတ်အပိုင်းအချို့ ပျက်စီးခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ မြို့ပြတိုက်ပွဲတွေ ကိုယ့်အနားမှာဖြစ်တဲ့အခါ အပြင်ထွက်ကြည့်တာတွေ မလုပ်ဘဲ လုံခြုံတဲ့နေရာမှာပဲ နေထိုင်ကြဖို့နဲ့ လိုအပ်ရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ကူညီပေးကြဖို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။