တန့်ဆည်မြို့ နဘတ်ကြီးရွာရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့နယ်က နဘတ်ကြီးရွာရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ ၂ ရက်ဆက်တိုက် ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အအုံ အများအပြား မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ တစ်ကြိမ် ဗုံးခွဲတိုက်ခိုက်ရာမှာ စခန်းထဲက ရုံးခန်းနဲ့ လက်နက်တိုက် မီးလောင်ပျက်စီးခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်မနေ့က ထပ်မံတိုက်ခိုက်ရာမှာတော့ ကျန်နေတဲ့ အဆောင်အချို့ မီးလောင်သွားတယ်လို့ ဆိုပါတယ်။
“အဲဒီစခန်းမှာ တပ်စွဲထားတဲ့ စစ်သား ၁၀၀ လောက်က ကာပေါင်းကျရွာမှာ သွားနေတာ၊ စခန်းမှာ ဘယ်သူမှမရှိတဲ့အချိန် ဗုံးခွဲခံရတာ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုယ်တိုင်မြင်ခဲ့ရသူ ဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီးနောက် အဲဒီရဲခစန်းကို ပြန်လာတဲ့ စစ်ကောင်စီ ယာဉ်တန်း ကို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သားတစ်ဦး သေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့ မနေ့ညနေပိုင်းမှာတော့ ကာပေါင်းကျရွာမှာ တပ်စွဲနေတဲ့ စစ်သား ၁၀၀ ခန့်ကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးနိုင်သလို စစ်ကူလာတဲ့ ယာဉ်တန်းကိုလည်း မိုင်းဆွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
နှစ်ဘက် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်တာကြောင့် ကာပေါင်းကျရွာက နေအိမ်အချို့ မီးလောက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
နဘတ်ကြီးရွာဟာ တန့်ဆန့်မြို့ကနေ ၅ မိုင်ခန့်ဝေးပြီး အိမ်ခြေ ၆၀၀ ကျော်လောက်ရှိတဲ့ တိုက်နယ်အဆင့် ရွာကြီးဖြစ်ပြီး လွန်ခဲ့တဲ့ သုံးလခန့်ကလည်း ရွာမှာရှိတဲ့ နဘတ်ကြီးရဲစခန်း ပထမကြိမ် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေကို အဓိကထားပြီး မိုင်းဆွဲတိုက်ခိုက်တာ၊ ခြုံခိုတိုက်ခိုက်တာနဲ့ ပြောက်ကျား တိုက်ခိုက်တာတွေ ဆက်လုပ်မှာဖြစ်လို့ တန့်ဆည်မြို့နယ်ထဲက ပြည်သူတွေအနေနဲ့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အပြင်မထွက်ဖို့ ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။