လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ဗုံးပေါက်ကွဲမှုတွေဖြစ်ပွား

နေမျိုးထွန်း(ဝါရှင်တန်ဒီစီ)
2022.04.15
လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ဗုံးပေါက်ကွဲမှုတွေဖြစ်ပွား ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ ဗဟိုမဏ္ဍပ်ကို ဧပြီ ၁၃ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ညနေပိုင်းက ဧရာဝတီတိုင်း ကျောင်းကုန်းမြို့လယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗဟိုမဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ညနေပိုင်း လူစည်ကားတဲ့အချိန်မှာ ပေါက်ကွဲတာဖြစ်လို့ ထိခိုက်ဒဏ်ရာရသူ လေးဦးလောက်ရှိပြီး အရေးပေါ်ကားနဲ့ ခေါ်သွားတာတွေ့ရတယ်လို့ ဆိုပါတယ်။

ကျောင်းကုန်းမြို့ ဗဟိုမဏ္ဍပ်မှာ ပေါက်ကွဲမှုမဖြစ်ခင်နဲ့ အရင်သင်္ကြန်ရက်တွေကလည်း စည်ကားနေခဲ့တာပါ။ ဒါပေမဲ့မြို့ အဝင်အထွက်တွေကိုတော့ စစ်တပ်က ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ မအူပင်မြို့မှာလဲ သင်္ကြန်အကြတ်နေ့ မနေ့ နေ့လယ်ပိုင်းက ကမ်းနားလမ်းမှာရှိတဲ့ ဗဟိုမဏ္ဍပ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

အသံဗုံးလိုအကျယ်ကြီး ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ မအူပင်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်တိုင်း ဒလမြို့နယ် ဗဟိုမဏ္ဍပ်မှာတော့ မနေ့က သင်္ကြန်အကြတ်နေ့က သင်္ကြန် ရေလာကစားတဲ့သူနဲ့ မဏ္ဍပ်တာဝန်ရှိသူတွေ စကားများရန်ဖြစ်လို့ စစ်တပ်က သေနတ်သုံးချက်ဖောက်လူစုခွဲပြီး မဏ္ဍပ်ကို ဖျက်သိမ်းလိုက်တယ်လို့ ဒလမြို့နယ် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ရေလာဆော့တဲ့သူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပြီး ပစ်ခတ်မှုကြောင့် လူထိခိုက်တာတော့ မရှိဘူးလို့ ဆိုပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းမှာ စစ်ကောင်စီက ပြုလုပ်တဲ့ လမ်းလျှောက်သင်္ကြန်မှာ မနေ့ညနေပိုင်းက သေနတ်ပစ်ဖောက်တာတွေ ရှိခဲ့ပါတယ်။ ဘယ်အဖွဲ့အစည်းက ဘာကြောင့် ပစ်ခတ်တယ်ဆိုတာ မသိရသေးပေမယ့် ကားပေါ်ကနေ ဆင်းလာပြီး ပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေ့ခဲ့ရသူ တစ်ဦးက ပြောကြောင်း The 74 Media မှာ ဖော်ပြထားပါတယ်။

လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ မုခ်ဦးဆိုင်းဘုတ် အကြိုနေ့ မနက်အစောပိုင်းက မီးရှို့ဖျက်ဆီး ခံလိုက်ရပြီးနောက် ရေကစားသူ မရှိသလောက်နည်းပြီး ခြောက်ကပ်နေခဲ့ပေမယ့် ဒီနေ့မှာတော့ ရေကစားသူတွေကို ပြန်လည်တွေ့လာရတာပါ။

စစ်ကောင်စီရဲ့ ဗဟိုမဏ္ဍပ်နဲ့ အခု လမ်းလျှောက်သင်္ကြန်လုပ်နေတဲ့ နေရာအနီးတစ်ဝိုက်မှာ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေကို အရင်ထက် ပိုမိုချထားပြီး လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီသင်္ကြန်ကာလ တိုင်းနဲ့ ပြည်နယ်တချို့က မြို့ကြီးတွေမှာ သင်္ကြန်မဏ္ဍပ်တွေအနီး ပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီက မြို့ကြီးတွေမှာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်ခဲ့ပေမယ့် ပြည်သူတွေကတော့ သင်္ကြန်မှာ ပါဝင်ဆင်နွှဲတာ မရှိသလို ‌စစ်ကောင်စီကျင်းပတဲ့သင်္ကြန်ကို ဆန့်ကျင်တဲ့ သံချပ်တွေ သပိတ်တွေနဲ့ ဆန္ဒပြနေကြတာတွေ တွေ့မြင်ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။