မင်းပြားမှာ လက်ကျန်ဗုံးပေါက်ကွဲမှုကြောင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
2024.04.07

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ငတန်ပျင်းရွာမှာ ဧပြီလ ၆ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လက်ကျန်ဗုံးတစ်လုံးကို ထုခွဲရာကနေ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့သလို တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အသက်ငါးဆယ်အရွယ် ဦးလှကျော်ခိုင်ဟာ နေရာမှာတင် သေဆုံးခဲ့ပြီး အသက်နှစ်ဆယ်ကျော်အရွယ် သမီးဖြစ်သူ ဖြူမချေကတော့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ဦးလှကျော်ခိုင်ဟာ နေအိမ်အနီးမှာရှိနေတဲ့ စစ်လက်ကျန်ဗုံးကို ထုခွဲတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တာလို့ အမည်မဖော်လိုတဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သံပိုက်လိုဟာမျိုးကို သူက ထုခွဲလိုက်တာ။ အဲဒါက ဗုံးဖြစ်နေမှန်း မသိတော့လေ သူက ခွဲလိုက်တာ။ ပေါက်ကွဲသံ အကြီးကြီးကြားပြီး မီးခိုးတွေပဲထွက်တာ။ မြေကြီးပါ တုန်တယ်။ သူလည်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အကုန်အပိုင်းပိုင်း ပြတ်ထွက်ကုန်တယ်"
ဒဏ်ရာရခဲ့တဲ့ မဖြူမချေကတော့ ခေါင်း၊ ဝမ်းဗိုက်နဲ့ နောက်ကျောတွေမှာ ဗုံးစထိမှန်ခဲ့တာကြောင့် ဆေးကုသမှု ပေးနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ပေါက်တောမြို့ကနေ မင်းပြားကိုစစ်ကူလာတဲ့ စစ်ကောင်စီတပ်ဟာ ငတန်ပျင်းရွာမှာ တပ်စွဲနေထိုင်ခဲ့ပြီး မြေမြှုပ်မိုင်းတွေကိုပါ ရွာအတွင်းမှာ ထောင်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို ဘယ်အဖွဲ့ရဲ့ဗုံးလည်း ဆိုတာကိုပါ အတည်ပြုမပြုနိုင်သေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၅ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ ပြည်သူ ၄,၈၅၂ ဦး သေဆုံးခဲ့ပါတယ်။