ပြည်မြို့မှာ စစ်ကောင်စီ တပ်ထောက်ခံပွဲလုပ်နေချိန် ဗုံးပေါက်

2021.11.02
ပြည်မြို့မှာ စစ်ကောင်စီ တပ်ထောက်ခံပွဲလုပ်နေချိန် ဗုံးပေါက် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ကို တွေ့ရစဉ်
Photo: CJ

ပဲခူးတိုင်း (အနောက်ပိုင်း)၊ ပြည်မြို့မှာ နိုဝင်ဘာလ ၂ ရက် ဒီနေ့မနက် ၁၀ နာရီအချိန်ခန့်က စစ်ကောင်စီ တပ်ကို ထောက်ခံပွဲပြုလုပ်နေချိန် ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်မြို့ လေးထပ်ပြင်ဘောလုံးကွင်းထဲမှာ တပ်ထောက်ခံပွဲလုပ်ဖို့ လူစုနေတဲ့အချိန် ဗုံးပေါက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။

“ကျမတို့နားနဲ့ နီးနီးလေးပဲ အသံအကျယ်ကြီး ကြားရတယ်၊ မြေကြီးတွေပါ တုန်သွားတာ၊ အခု မြို့ထဲမှာ လမ်းတွေအကုန်ပိတ်ပြီး စစ်ဆေးနေတယ်” လို့ ကိုယ်တိုင်ကြားခဲ့တဲ့ ဒေသခံက ဆိုပါတယ်။

လက်ရှိ ပြည်မြို့က ကိုးသောင်းမီးပွိုင့်၊ အောင်ဆန်း အ.ထ.က အရှေ့၊ မြို့သစ်ရပ်ကွက် စတဲ့နေရာတွေနဲ့ မြို့အဝင်အထွက်တွေ အပါအဝင် အချက်အချာကျတဲ့ နေရာတွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေသလို လက်နက်ကိုင် အရပ်ဝတ်တွေနဲ့ မြို့ပတ်ပြီး သံသယရှိသူတွေကို လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လူထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြု နေဆဲ ဖြစ်ပါတယ်။

ပြည်မြို့မြေအောက်ပြောက်ကျားတပ်ဖွဲ့ (PUGF) ကတော့ သတိပေးတဲ့အနေနဲ့ ဒီဖောက်ခွဲမှုကို လုပ်ခဲ့တာလို့ ဆိုပါတယ်။

ပြည်မြို့မှာ တပ်ထောက်ခံပွဲတွေပြုလုပ်ဖို့ ပြင်ဆင်နေတာကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိစေရေး အဲဒီနေရာ တွေနဲ့ ဝေးဝေးနေကြဖို့ဆိုပြီး PUGF အဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာပဲ ကြေညာထုတ်ပြန် သတိ ပေးထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း ပြည်မြို့ စစ်ဆေးရေးဂိတ်တစ်ခု မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား နှစ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။