မင်္ဂလာဒုံက စစ်တပ်ဂိတ်ကင်းစခန်းတစ်ခု တိုက်ခိုက်ခံရ

RFA Burmese
2024.04.04
မင်္ဂလာဒုံက စစ်တပ်ဂိတ်ကင်းစခန်းတစ်ခု တိုက်ခိုက်ခံရ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာအုပ်ချုပ်ရေးမှူးရုံးအနီးမှ စစ်တပ်ဂိတ်ကင်းစခန်းအား တိုက်ခိုက်ခံရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ နေ့က တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံးအနီးက စစ်တပ်ဂိတ်ကင်းစခန်းကို ဧပြီလ ၃ ရက်နေ့မှာ လက်ပစ်ဗုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Mother Son Yangon Force.(UG) အဖွဲ့က ပြောပါတယ်။

စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ဖိအားပေးနေတဲ့အပေါ် တုံ့ပြန်တိုက်ခိုက်တာလို့ Mother Son Yangon Force (UG) အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်မှုမထမ်းမနေရဥပဒေနဲ့ လူငယ်တွေကို အတင်းအဓမ္မခေါ်ယူနေတဲ့ သတင်းအချက်အလက် တိတိကျကျရလို့ ပစ်ခတ်တိုက်ခိုက်တာပါ၊ ဧပြီ ၁ ရက်နေ့ကလည်း ကျွန်တော်တို့ ရန်ကုန်မြို့ပြ ပြောက်ကျားစစ်ဆင်ရေး တော်လှန်ရေး အင်အားစုအဖွဲ့ကပဲ ရန်ကုန်ပြည်လမ်းပေါ်မှာရှိတဲ့ မှော်ဘီမြို့နယ်ထဲက စစ်တပ်ဂိတ် နှစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်”

အခုတိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးမှူး တစ်ဦး၊ ရုံးအဖွဲ့ဝင် တစ်ဦးနဲ့ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးတယ်လို့ သူက ဆိုပါတယ်။

သေဆုံးထိခိုက်မှုတွေနဲ့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့မယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ဧပြီလ ၄ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ၊ စာရေးတွေနဲ့ ရာအိမ်မှူး စုစုပေါင်း ၃၀ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။