မန္တလေးမြို့ နန်းရှေ့ ဌာနပေါင်းစုံဂိတ် ဗုံးကွဲ

2021.09.13
မန္တလေးမြို့ နန်းရှေ့ ဌာနပေါင်းစုံဂိတ် ဗုံးကွဲ မန္တလေးမြို့၊ နန်းတွင်းအဝက စစ်ဆေးရေးဂိတ်တစ်ခုကို ၂၀၂၁ မေ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးနန်းရှေ့ (၁၉) လမ်းမှာရှိတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ဌာနပေါင်းစုံစစ်ဆေးရေးဂိတ်ကို စက်တင်ဘာလ ၁၃ ရက် ဒီနေ့မနက်ပိုင်း အမည်မသိအဖွဲ့တစ်ခုက ကားတစ်စီးနဲ့ ဗုံးလာပစ်သွားတာကြောင့် ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားပြီး သေဆုံးမှုပါရှိနိုင်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဟာ နေ့စဉ်ရှိနေတာဖြစ်ပြီး စစ်တာဆေးတာအရမ်းကြမ်းတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုဖြစ်တဲ့ဂိတ်က ဌာနပေါင်းစုံရှိတယ်၊ တစ်ခါတစ်လေ ရဲမေတွေပါရှိတယ်၊ သူတို့ဂိတ်က အဖွင့်ဂိတ်ကြီး၊ ကာထားတာမရှိဘူး၊ မနက်ကတော့ အသံကျယ်ကြီးကြားလိုက်ရပြီး သေနတ်တွေနဲ့ ပြန်ပစ်သံတွေ ကြားရတယ်၊ ခဏနေတော့ လူမှုရေးအသင်းကားတွေရောက်လာပြီး ဗုံးထိတဲ့သူတွေကို တင်သွားတယ်၊ စစ်ဝတ်စုံ ဝတ်ထားတဲ့သူ၊ ရဲဝတ်စုံနဲ့ မီးသတ်ဝတ်စုံ ဝတ်ထားတဲ့သူတွေပါ ပါတယ်၊ ဒဏ်ရာရတာလား သေတာလားတော့ မသိဘူး၊ သူတို့ကိုကားပေါ် ပွေ့တင်သွားတယ်၊ နန်းတွင်းစစ်ဆေးရုံခေါ်သွားတာပဲ” လို့ ကိုယ်တိုင်တွေ့ခဲ့သူက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးပြီးချင်း အဲဒီနေရာအနီးတဝိုက်မှာ လုံခြုံရေးတွေပိုတင်းကျပ်ပြီး စစ်ဆေးတာတွေ လုပ်နေ တယ် လို့လည်း ဒေသခံက ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီခန့် မေဃဂီရိရပ်ကွက် ရာအိမ်မှူးတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ဝင်နှစ်ဦး၊ ဒေါနဘွားလုံခြုံရေးအဖွဲ့က တပ်ကြပ်ကြီး တစ်ဦးနဲ့ တပ်သား တစ်ဦး၊ အမှတ် (၁) ရဲစခန်းက အမျိုးသမီး ဒုရဲအုပ်နဲ့ ရဲတပ်သား နှစ်ဦး၊ ယာဉ်ထိန်းရဲ တစ်ဦး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦး စုစုပေါင်း ၁၀ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် RFA အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို ဘယ်ဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာကိုလည်း တိတိကျကျ မသိရ သေးပါဘူး။

အဲဒီ (၁၉) လမ်း ဌာနပေါင်းစုံဂိတ် ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် မန္တလေးမြို့ရဲ့နေရာအချို့မှာပါ ပေါက်ကွဲမှုတွေ ထပ်မံဖြစ်ပေါ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ တုံ့ပြန် မှုကိုသိရဖို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။