နေပြည်တော်မှာ ဗုံးနှစ်လုံး ပေါက်ကွဲ

စစ်ကောင်စီခေါင်းဆောင်တွေ ရုံးစိုက်ရာ နေပြည်တော်က ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူ (ပြန်ကပြေး) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နဲ့ ပျဉ်းမနားမြို့က ၈၅ တံတားနားမှာ နိုဝင်ဘာလ ၁၇ ရက် မနေ့ ညက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီဗုံးကြောင့် တစ်စုံတစ်ရာထိခိုက်တာတော့ မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောပါတယ်။
“ညက ကိုးနာရီထိုးခါနီးလောက်မှာ ဗုံးနဲ့လာပစ်သွားတာ။ ရပ်ကွက်ရုံးပြင်မှာပဲ ပေါက်လိုက်တော့ လူရော အဆောက်အဦရော ထိခိုက်တာမျိုး မရှိဘူး။ အသံကတော့ အကျယ်ကြီးပဲ”
မနေ့က ဗုံးပေါက်ကွဲရာနေရာကို စစ်ကောင်စီတပ်သားတွေက ကားနှစ်စီးနဲ့ ချက်ချင်းရောက်လာပြီး အဲဒီ အနီးအနားတဝိုက်ကို ပိတ်ဆို့စစ်ဆေးခဲ့သလို ရပ်ကွက်ထဲမှာ ကထိန်အလှူရှိတာကြောင့် အသံချဲ့စက်နဲ့ သီချင်းဖွင့်ထားတာကို ပိတ်ခိုင်းပြီး ပြန်သွားကြတယ်လို့ဆိုပါတယ်။
ညပိုင်းမှာ အဲဒီရပ်ကွက်ထဲက နေအိမ်တချို့ကို ဧည့်စာရင်း လိုက်လံစစ်ဆေးခဲ့ပါတယ်။
မနေ့ည ဆယ်နာရီခွဲလောက်မှာတော့ နေပြည်တော်၊ ပျဉ်းမနားမြို့ ၈၅ တံတားအနီးမှာ နောက်ထပ် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ပြီး အဲဒီဗုံးပေါက်ကွဲမှုမှာလည်း အထိအခိုက်မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့ ဆင်ရုပ်မီးပွိုင့်အနီးက လျှပ်စစ်ရုံးရှေ့ မှာလည်း ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။