ရေစကြိုက NLD အမာခံအိမ် ပါဆယ်ဗုံးနဲ့ပစ်ခံရလို့ လေးဦး သေဆုံး
မကွေးတိုင်း ရေစကြိုမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အမာခံ တက်ကြွလှုပ်ရှားသူ တစ်ယောက်ရဲ့ နေအိမ်ထဲကို နိုဝင်ဘာလ ၁၇ ရက် မနေ့ညက ပါဆယ်ဗုံးနဲ့ ပစ်ခံရတာကြောင့် လူလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ညဆယ်နာရီခွဲလောက်မှာ နေအိမ်ထဲလာပစ်သွားတဲ့ ပါဆယ်ဗုံးထုပ်ကို ပစ္စည်းထုပ်အထင်နဲ့ ဖွင့်ဖောက်ခဲ့ရာမှာ NLD အမာခံ ဦးအေးလှိုင်၊ ဇနီး ဒေါ်မာစီ၊ သမီးဖြစ်သူ မအေးသင်းနဲ့ အိမ်နီးချင်းဖြစ်သူ ဒေါ်စီတို့ လေးဦး သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပျူစောထီးအဖွဲ့လုပ်တာ၊ ရပ်ကွက်ကလူတွေ အတိအကျသိတယ်။ ကိုအေးလှိုင်က ပါတီဝင်တော့ မဟုတ်ဘူး ဒါပေမဲ့ သူက ပါတီအတွက် အမြဲတက်ကြွကြွရှိတဲ့သူ”
ပါဆယ်ထုပ်ကို ကုတ်အင်္ကျီအဖြူရောင် ဝတ်ဆင်ထားတဲ့ ဆိုင်ကယ်သမား တစ်ဦး လာပစ်သွားတာဖြစ်ကြောင်း နဲ့ အခုသေဆုံးခဲ့သူ လေးဦးမှာ အမျိုးသမီး သုံးဦးက ဗုံးပေါက်ရာ နေရာမှာတင် သေဆုံးခဲ့ပြီး ဦးအေးလှိုင်က တော့ ဆေးရုံရောက်မှ သေဆုံးသွားတာလို့ ဆိုပါတယ်။
ဦးအေးလှိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်ပွဲတွေမှာ တက်ကြွစွာပါဝင်ခဲ့ပြီး ရွေးကောက်ပွဲ အပြီး ရပ်ကွက်အတွင်းပြုလုပ်တဲ့ အောင်ပွဲခံမှုတွေမှာလည်း သူကိုယ်တိုင် နွားလှည်းနဲ့ လှည့်လည်ပြီး ကခုန် ပျော်ပါးခဲ့တဲ့သူ တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။