ပဲခူး ဗုံးကွဲမှု စတင် စစ်ဆေး၊ တရားခံရှေ့နေ လျှောက်ထားချက်များ ပယ်ချခံရ

၂၀၁၀ စက်တင်ဘာလက ပဲခူးမြို့ ရယကရုံးရှေ့ ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ လူပေါင်း ၁၁ ယောက်ကို အခင်းဖြစ်ပြီး ၈ လအကြာ မေလ ၁၂ ရက် ဒီကနေ့မှ စပြီး ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

2011.05.12
insein_prison_gate_305_z.jpg နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

သူတို့ကို အင်းစိန်ထောင်ဝင်းထဲက အထူးတရားရုံးမှာ ရုံးတင်ခဲ့တာ ဖြစ်ပြီး ဒီနေ့တော့ တရားလို ဖြစ်တဲ့ ပဲခူးက ရဲစခန်းမှူးကို စတင် စစ်ဆေးတယ်လို့ သိရပါတယ်။ သူတို့ ၁၁ ဦးအမှုအတွက် ရှေ့နေ အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အထောက်အကူပြုအဖွဲ့က ရှေ့နေဦးကျော်ဟိုးက လိုက်ပါ ဆောင်ရွက်နေပါတယ်။

ဒီနေ့မှာတော့ အဖမ်းခံထားရသူတွေကို ဥပဒေကြောင်းအရဆိုရင် ပဲခူးမြို့မှာပဲ ရုံးတင်စစ်ဆေးဖို့နဲ့ မိသားစုဝင်တဦးစီ တရားရုံးမှာ တက်ရောက် နားထောင်ခွင့်ပြုဖို့ ဆိုတဲ့ အချက်နှစ်ချက်ကို ရှေ့နေ ဦးကျော်ဟိုးက တရားရုံးမှာ တင်ပြခဲ့ပါတယ်။

ဒါပေမဲ့ အထက်က ညွှန်ကြားချက်အရ ဆိုပြီး အဲဒီအချက်နှစ်ချက်လုံးကို ပယ်ချလိုက်တဲ့အကြောင်း ဦးကျော်ဟိုးက RFA ကိုပြောပါတယ်။

“ပဲခူးမှာ ဖြစ်တဲ့ ဗုံးပေါက်တဲ့အမှု ဖြစ်တဲ့အတွက်ကြောင့် ပဲခူးမှာပဲ စစ်ရမယ်ပေါ့။ ရန်ကုန်မှာ စစ်တာက စီရင်ပိုင်ခွင့် မရှိဘူးပေါ့။ ဒါ ဒီတချက်ပေါ့။ နောက်တချက်က တရားခံ မိသားစု တယောက်စီကို တရားခွင်ကို ဝင်ခွင့်ပေးပါ ဆိုပြီးတော့ ကျွန်တော်တို့ လျှောက်တယ်လေ။ လျှောက်တဲ့အခါကျတော့ တရားရုံးက နေပြီးတော့ လျှောက်လွှာ နှစ်ခုလုံး ပယ်တယ်ပေါ့ဗျာ။ အထက်က ညွှန်ကြားချက်နဲ့ စစ်တဲ့အတွက်ကြောင့် စစ်ခွင့်ရှိတယ် ဆိုပြီးတော့ ပယ်လိုက်တယ်ပေါ့။ တရားလို စောမိုဆေးကို စစစ်တာပေါ့။ ပဲခူးက ပဲခူး အမှတ် (၃) ရဲစခန်းမှူးပေါ့။”

အခု တရားစွဲခံနေရတဲ့ ၁၁ ဦးမှာ ၉ ဦးက အမျိုးသားတွေဖြစ်ပြီး ၂ ဦးက အမျိုးသမီးတွေပါ။ သူတို့ ထဲမှာ ကရင်တိုင်းရင်းသား အများစုပါနေတယ်လို့ သိရပါတယ်။ အဲဒီ ၁၁ ဦးကတော့ ကိုထွန်းဦး၊ ကိုဝင်းမြင့်၊ ကိုကံမြင့်သာ၊ ကိုမြင့်ကြိုင်၊ ကိုဇော်မင်းအောင်၊ စောဝီလျံ၊ စောနိုင်ဝင်း၊ အန်တိုနီ၊ စောဖရန်စစ်၊ မဇာနည်ဦး၊ မအေးအေးနွယ်တို့ ဖြစ်ပါတယ်။

သူတို့အမှုကို ကြာသပတေးနေ့တိုင်း ရုံးထုတ် စစ်ဆေးမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-05-12 15:59

there is no real unity under the gun laws controlled by dictators.