ဗုဒ္ဓဂါယာ ကျောင်းပရိဝုဏ်အတွင်း ဗုံးပေါက်ကွဲမှုတွေဖြစ်ပွား
2013.07.07
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဗီဟာပြည်နယ်ရှိ ဗုဒ္ဓဂါယာကျောင်း ပရိဝုဏ်အတွင်းမှာ ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမူတွေဖြစ်ပွားခဲ့ပြီး သံဃာတော်နှစ်ပါး ဒဏ်ရာရရှိခဲ့ပါတယ်။
အိန္ဒိယရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦးအဆိုအရ ကျောင်းပရိဝုဏ်ထဲက ဗောဓိညောင်ပင်၊ စေတီပုထိုးနဲ့ ကျောင်းဆောင်များမှာ အသေးစားဗုံးကွဲမူ ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူ သံဃာနှစ်ပါးဟာ မြန်မာရဟန်းတစ်ပါးနဲ့ တိဘက်ရဟန်းတစ်ပါးတို့ ဖြစ်ကြပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့က မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး စနက်တန်ဖြုတ်နိုင်ခဲ့ပါတယ်။
အဲ့ဒီအထဲကတစ်လုံးက ဉာဏ်တော် ပေ ၈ဝ ကျော်မြင့်တဲ့ ဗုဒ္ဓရုပ်ပွားတော်နားမှာ တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ အခုလိုမျိုး ဗုဒ္ဓဘာသာကို တိုက်ခိုက်တာမျိုး တွေ့ရခဲပေမယ့် ဒီဖြစ်စဉ်ဟာ မကြာသေးခင်က မြန်မာနိုင်ငံ သီရိလင်္ကာနဲ့ ဘင်္ဂလာဒေ့ချ်နိုင်ငံတို့မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအရ ပဋ္ဋိပက္ခတွေရဲ့ နောက်ဆက်တွဲအခြေအနေဖြစ်နိုင်တယ်လို့ AFP သတင်းတရပ်မှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် တောင်တန်းနယ် သံဃာ့ကလျာဏအဖွဲ့နာယက ဆရာတော်ဦးစန္ဒာဝရက ဝမ်းနည်းကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။