နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးကို အရှိန်မြှင့်ဖို့ တရုတ်တိုက်တွန်း
2024.08.17

ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနဲ့ ကာကွယ်ရေးအတွက် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ တိုက်ဖျက်ရေးကို အရှိန်မြှင့်လုပ်ဆောင်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်းလိုက်ပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တရုတ်၊ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
လုံခြုံရေးဟာ နိုင်ငံအားလုံးရဲ့ ဖွဲ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ပြီး လက်ရှိ ဒေသတွင်း လုံခြုံရေးအခြေအနေဟာ ရှုပ်ထွေးနေကြောင်း၊ အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ လူကုန်ကူးမှု စတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသတွင်း နိုင်ငံတွေအနေနဲ့ ပူးပေါင်းကြိုးပမ်းမှု အရှိန်မြှင့်မှသာ ရာဇ၀တ်မှုတွေကို ထိထိရောက်ရောက် လျှော့ချနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လေးနိုင်ငံအနေနဲ့ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတိုက်ဖျက်ရေးကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး မနှစ်က လောင်းကစားနဲ့ လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်သူ ၅၀,၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဝမ်ယိက ပြောပါတယ်။
ဒါ့အပြင် နယ်စပ်ထိန်းချုပ်ရေးကွန်ရက်ကို တင်းတင်းကျပ်ကျပ် ကြပ်မတ်ဖို့၊ နိုင်ငံတစ်နိုင်ငံစီရဲ့ နယ်နိမိတ်တွေကို စောင့်ကြပ်ဖို့၊ အရေးကြီးတဲ့ ဆိပ်ကမ်းတွေကို ထိန်းချုပ်ဖို့နဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကို လုံးဝ ပိတ်ဆို့ဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။
ထောက်လှမ်းရေးနဲ့ သတင်းအချက်အလက် ဖလှယ်ရာမှာ ချောမွေ့စေဖို့နဲ့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားသူတွေကို နေရပ်ပြန်ပို့ရေး၊ အချိန်နဲ့တပြေးညီ အရေးယူနိုင်ရေး ပူးတွဲစစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်ဖို့ သူက တိုက်တွန်းခဲ့ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မစ္စတာ ဝမ်ယိ တက်ရောက်နေတာဖြစ်ပြီး မြန်မာဘက်က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်နေပါတယ်။