မြေပြန်ရလိုသူတွေ ရန်ကုန်မှာ ဆန္ဒပြ
2016.08.18

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ် ၂ နဲ့ ၃ ရပ်ကွက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားတဲ့ မြေ ကွက်တွေအတွက် လျှော်ကြေးငွေရရှိဖို့ မြေသိမ်းခံရသူ ၅ဝ လောက်က ရန်ကုန်မြို့ လူထုဟစ်တိုင်ကွင်းမှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
သိမ်းယူထားတဲ့ ဘိုးဘွားပိုင်မြေတွေအတွက် ခုချိန်ထိလျော်ကြေးငွေ မရသေးတာကြောင့် အခုလို ဆန္ဒပြ တောင်းဆို တာဖြစ်ကြောင်း မြေသိမ်းခံရသူ ဦးမြင့်အောင် က ပြောပါတယ်။
"၁၉၄၂ ခုနှစ်မှာ နိုင်ငံတော်မှာ စစ်လက်နက်တွေ လိုအပ်တဲ့အတွက် စစ်လက်နက်ဂိုထောင် တည်ဆောက်မယ် ဆိုပြီး ကျနော်တု့ိဘိုးဘွားပိုင်တဲ့ အိမ်တွေကို အတင်းဖယ်ခိုင်းပြီး ဥပဒေပုဒ်မ ၂ နဲ့ ငှားရမ်းသုံးစွဲပြီး စစ်လက်နက်တွေထုတ်တယ်၊ တပ်ကလည်း လျော်ကြေးပေးပါမယ် အထက်ကို တင်ထားပါတယ်ပြောတယ်၊ ဒါပေမဲ့ ယနေ့အထိ မလျော်တဲ့အတွက် ကျနော်တို့က တရားဥပဒေနဲ့အညီ လျော်ကြေးနစ်နာကြေးပေးဖို့ ဆန္ဒထုတ်ဖော်တာပါ"
ဆန္ဒပြသူတွေဟာ အမှတ် ၆၅၆ တပ်ကသိမ်းယူထားတဲ့ မြေကွက် ၆၅ ကွက်ကို ပြန်လည်ရရှိရေး၊ မူလ မြေပိုင် ရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ မြေပိုင်ရှင်တွေရဲ့ နစ်နာမှုအတွက် လျှော်ကြေးငွေ အမြန်ဆုံးရရှိရေးတို့ကို ဦးချစ်မောင်အိပ်ယာရှေ့ကနေ လူထုဟစ်တိုင်းကွင်းအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
အမှတ် ၆၅၆ တပ်က သိမ်းယူထားတဲ့မြေကွက်တွေနဲ့ အတူ ဗိုလ်တထောင်မြို့နယ်ထဲက COD နဲ့ BAOD ဝင်းထဲက မြေကွက်တွေကို အိုးအိမ်ဦးစီးဌာနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေက နစ်နာကြေးမပေးဘဲ ၁၉၉၄ ခုနှစ်မှာ နိုင်ငံတော်မြေအဖြစ် သိမ်းယူခဲ့တာဖြစ်ပါတယ်။
အဲ့ဒီထဲက COD နဲ့ BAOD ဝင်းထဲက မြေပိုင်ရှင် ၂၇ဝ ကျော်ကို ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက မြေပိုင်ရှင် တစ်ဦးကို တိုက်ခန်း ၁ ခန်းနဲ့ နစ်နာကြေးအဖြစ် ကျပ်သိန်း ၃၂ဝ လျော်ကြေးပေးခဲ့ပါတယ်။