BRI စီမံကိန်းကြောင့် တရုတ်နိုင်ငံက အကြွေး တစ်ထရီလီယံကျော်ရရန်ရှိနေ

RFA Burmese
2023.11.07
BRI စီမံကိန်းကြောင့် တရုတ်နိုင်ငံက အကြွေး တစ်ထရီလီယံကျော်ရရန်ရှိနေ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် ပြုလုပ်ခဲ့သည့် တရုတ်အစိုးရ၏ ခေတ်သစ်ပိုးလမ်းမ BRI စီမံကိန်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် ညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် မိန့်ခွန်းပြောနေစဉ်။
AFP

BRI ခေတ်သစ်ပိုးလမ်းမစီမံကိန်းကို အကြောင်းပြုပြီး တရုတ်နိုင်ငံဟာ ကြွေးမြီ တစ်ထရီလီယံကျော် ရစရာရှိနေပါတယ်။

ဒါဟာ ကမ္ဘာမှာအများဆုံး ပမာဏပဲလို့ အမေရိကန်အခြေစိုက် AidData သုတေသနအဖွဲ့က ဒီသီတင်းပတ်အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

သမ္မတ ရှီကျင့်ဖျင် လွန်ခဲ့တဲ့ ၁၀ နှစ်က စတင်တဲ့ BRI စီမံကိန်းမှာ ဥရုဂွေးကနေ သီရိလင်္ကာနိုင်ငံအထိ နိုင်ငံ ၁၅ဝ ပါဝင် လက်မှတ်ရေးထိုးထားပါတယ်။

BRI ပထမစီမံကိန်း စတင်တဲ့ ပထမ ၁၀ နှစ်အတွင်း ဝင်ငွေနည်းတဲ့ နိုင်ငံတွေရော ဝင်ငွေအလယ်အလတ်တန်းစားရှိတဲ့ နိုင်ငံတွေမှာပါ တံတားတွေ၊ ဆိပ်ကမ်းတွေနဲ့ အဝေးပြေးလမ်းမတွေဆောက်လုပ်ဖို့ တရုတ်နိုင်ငံက ချေးငွေအလုံးအရင်း ပေးခဲ့ပါတယ်။

ဒီနိုင်ငံတွေက တစ်နှစ်ကို ကြွေးမြီအမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ တင်ရှိတယ်လို့ တရုတ်က ဝန်ခံပါတယ်။ ၁၆၅ နိုင်ငံက စီမံချက် ၂၁၀၀၀ အားလုံးနီးနီးအတွက် တရုတ်နိုင်ငံက ငွေရင်းစိုက်ထုတ်ပေးတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြပါတယ်။ ချေးငွေ ထက်ဝက်ကျော်က ကြွေးပြန်ဆပ်ရမယ့် ကာလရောက်ရှိနေပြီလို့လည်း ဆိုပါတယ်။

တရုတ်ကုမ္ပဏီတွေက တည်ဆောက်တဲ့ စီမံကိန်းစရိတ်က ထင်သာမြင်သာမရှိတာကို ဝေဖန်ထောက်ပြသူတွေရှိပြီး မလေးရှားနဲ့ မြန်မာ အပါအဝင်နိုင်ငံတွေက ကုန်ကျစရိတ်လျှော့ချဖို့ ပြန်လည်ဆွေးနွေးနေတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။