တရုတ် BRI စီမံကိန်း တိုးချဲ့မှုနဲ့အတူ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမြင့်လာ

RFA Burmese
2023.10.09
တရုတ် BRI စီမံကိန်း တိုးချဲ့မှုနဲ့အတူ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမြင့်လာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် တည်ဆောက်ထားသည့် နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ သင်္ဘောများအတွက် ဆိပ်ခံတံတားတစ်စင်းကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က တွေ့ရစဉ်။
Reuters

တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း (BRI) မှာပါဝင်တဲ့ လုပ်ငန်းတွေလုပ်ရာမှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံး (KWAT) အဖွဲ့က ဒီကနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ တပ်သားတွေဟာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ မြင့်တက်လာတယ်လို့ “သွေးစွန်းနေသော တံခါးပေါက်များ” အမည်နဲ့ ထုတ်ပြန်လာတဲ့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၁၅ လနဲ့နှိုင်းယှဉ်ရင် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သူ နှစ်ရာနီးပါးနဲ့ လူသားဒိုင်းအဖြစ် အတင်းအဓမ္မ ခိုင်းစေခံရတဲ့ ဒေသခံ ၂၂၁ ဦးထိ သိသိသာသာ တိုးမြင့်လာတာလို့ KWAT အဖွဲ့က ဆိုထားတာပါ။

စစ်ကောင်စီတပ်ဟာ အဲဒီဒေသတွေကို နယ်မြေထိန်းချုပ်ဖို့လုပ်ရင်း တော်လှန်ရေးအင်အားစုတွေနဲ့ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ ရှုံးနိမ့်တာကြောင့် အရပ်သားတွေကို ဦးတည်တိုက်ခိုက်လာတာလို့လည်း ဖော်ပြထားပါတယ်။

အဲဒီလိုတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မြင့်တက်လာတဲ့နေရာတွေဟာလည်း ခေတ်သစ်ပိုးလမ်းမ စီမံကိန်း (BRI) တိုးချဲ့ရေးအတွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာဖြစ်နေတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့လည်း စစ်တပ်ရဲ့ ချိုးဖောက်မှုတွေမှာ တိုက်ရိုက် ပါဝင်ပတ်သက်လာနေတာလို့ ကချင် အမျိုးသမီး အစည်းအရုံး - ထိုင်းနိုင်ငံ (KWAT) က ပြောထားပါတယ်။

“တရုတ်နိုင်ငံဟာ စစ်တပ်နဲ့ပူးပေါင်းပြီး BRI - ပိုးလမ်းမ စီမံကိန်းတွေကို ရှေ့တိုးလုပ်ဆောင်ခြင်းအားဖြင့် ကြီးမားတဲ့အန္တရာယ်တွေကို ယူနေတယ်။ စီမံကိန်းတွေအတွက် ဘာလုံခြုံရေး အာမခံချက်မှလည်း မရှိဘူး။ ပြီးတော့ စီစဉ်ထားတဲ့ စီမံကိန်းတွေနဲ့ဆက်နွယ်နေတဲ့ တိုးမြင့်လာတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေထဲမှာပဲ တရုတ်နိုင်ငံကပါ ကြံရာပါ ဖြစ်လာလိမ့်မယ်”

ကချင်အမျိုးသမီးအစည်းအရုံးရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ တုန့်ပြန်ချက်ကို သိနိုင်ဖို့ ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးကို RFA က အီးမေးလ်ပို့ပြီး မေးမြန်းထားပေမယ့် လတ်တလောမှာ အကြောင်းပြန်တာ မရှိသေးပါဘူး။

KWAT ရဲ့စာရင်းအရ ၂၀၂၂ ခုနှစ် ဩဂုတ်လကနေ ၂၀၂၃ ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ်မှာ သေဆုံးသူ ရှစ်ဆယ်၊ ဒဏ်ရာရသူ တစ်ရာကျော်ရှိပြီး လက်နက်ကြီး ပစ်ခတ်မှု အကြိမ် သုံးဆယ်မှာ သေဆုံးသူ ကိုးဦး၊ ဒဏ်ရာရသူ ငါးဆယ်ကျော်ရှိပါတယ်။

ဒါ့အပြင် ပစ်ခတ်သတ်ဖြတ်မှု ၁၂ ကြိမ်မှာ သေဆုံးသူ ရှစ်ဦးနဲ့ ဒဏ်ရာရသူ ခြောက်ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

ကချင် ဘာသာရေး အကြီးအကဲ ဒေါက်တာ ခလမ်ဆမ်ဆွန် အပါအဝင် လူပေါင်း ၄၄၁ ဦးလည်း ဖမ်းဆီးခံထားရသလို ဒါဇင်ပေါင်း များစွာလည်း ဒီကနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီကိန်းဂဏန်းတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ကချင်ပြည်နယ်က တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိပေမယ့် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိဘူးလို့ RFA ကိုငြင်းဆိုပါတယ်။

“အရပ်သားတွေကို ဘယ်လိုပစ်မှတ်ထားမှာတုန်း။ တဖက်သတ် စွတ်စွဲတာ ဖြစ်မှာပါ။ အလကားအနေနဲ့ကတော့ အရပ်သားကို လိုက်ပစ်တာမရှိပါဘူး။ ဖြစ်လာလို့ရှိရင် ကျွန်တော်တို့တောင် ကုပေးတာတွေ လိုက်လုပ်ပေးနေတာလေ”

ရှမ်းပြည်အခြေအနေကို သိရှိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဖွံ့ဖြိုးမှုစီမံကိန်းခေါင်းစဉ်နဲ့ တရုတ်က ရင်းနှီးမြှုပ်နှံနေတဲ့ စီးပွားရေးဆိုင်ရာ ခါးပတ်လမ်း ပိုးလမ်းမစီမံကိန်းနဲ့ ၂၁ ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမ စီမံကိန်းလို့ နာမည်ပေးထားတဲ့ စီမံကိန်းနှစ်ခုကိုပေါင်းပြီး BRI – Belt and Road Initiative လို့ခေါ်တာပါ။

ခေတ်သစ်ပိုးလမ်းမ စီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တရုတ် - မြန်မာ စီးပွားရေးစင်္ကြန် (၂၀၁၉ - ၂၀၃၀) ဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ တရုတ် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကြား စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ငါးနှစ် ဖွံ့ဖြိုးမှု အစီအစဉ် ရေးဆွဲရေး နားလည်မှု စာချွန်လွှာတို့ကို ၂၀၁၉ ခုနှစ်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။