ဒညင်းကုန်း အုတ်စက်ရုံကို ဖြိုဖျက်
2017.11.18

၂၀၁၂ ခုနှစ် ဇွန်လကတည်းက လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားတဲ့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်က ဒညင်းကုန်း အုတ်စက်ရုံအဆောက်အအုံကို ဒီနေ့ ရဲအင်အား ၃၀ လောက်က ဖြိုဖျက်ခဲ့ပြီး စက်ရုံဝင်းထဲ နေထိုင်တဲ့ အလုပ်သမားတွေကို နေစရာပြန်ပေးမှာဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့က ညှိနှိုင်းခဲ့ပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဝန်ထမ်းတွေ အလုပ်သမားတွေကို နေစရာနေရာ ပြန်ပေးမယ်ပြောပြီး စက်ရုံ အဆောက်အအုံကို ဒီကနေ့ စတင်ဖျက်သိမ်းတာ ဖြစ်တယ်လို့ အုတ်စက်ရုံမှာ ၁၀ နှစ်နီးပါးကြာ လုပ်ကိုင်ခဲ့တဲ့ ဒေါ်ဝင်းမော်က ပြောပါတယ်။
"သူတို့ကတော့ လေလံအောင်တာ လေလံတင်လို့ ဆိုပြီးတော့ ဖျက်တာဘဲလေ၊ ဒါပေမဲ့ သူတို့လေလံတင် တယ် လေလံအောင်တယ် လေလံဆွဲတယ်၊ လေလံဘယ်ကတင်တာလဲ ဘယ်သူတင်တာလဲ ဘယ်သူစွဲတာလဲ တိတိကျကျမပြနိုင်ဘူး၊ ပါးစပ်နဲ့ပဲ ဒါပေမဲ့ သူတို့က ဒီဟာကိုလည်းနေရာပေးပါ့မယ၊် အန်တီတို့ကိုလည်း နေရာပေးပါ့မယ်၊ အန္တရာယ်လည်း မဖြစ်စေရပါဘူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးကနေပြီးတော့ကို တာဝန်ယူပြီးတော့ ကတိပေးသွားတာ ဖြစ်တဲ့အတွက် အခုတော့ လောလောဆယ် တက်ဖျက်နေတာပဲ"
စက်ရုံဝင်းထဲမှာ အိမ်ခြေ ၁၆၀ လောက်ရှိပြီး လူဦးရေ တစ်ထောင်ဝန်းကျင် နေထိုင်နေတာဖြစ်ပါတယ်။ စက်ရုံ အဆောက်အအုံကိုသာ ဒီနေ့ ဖျက်သိမ်းတာဖြစ်ပြီး အလုပ်သမားတွေနေထိုင်တဲ့နေရာတွေ ဖျက်သိမ်းတဲ့အထဲမှာ မပါပါဘူး။
နေစရာနေရာပြန်ရတဲ့အထိ စက်ရုံဝင်းထဲမှာ နေထိုင်သွားမှာဖြစ်တယ်လို့ ဒေါ်ဝင်းမော်က ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက အရင် စက်မှု ၁ ဝန်ကြီးဌာနက စက်ရုံဝန်ထမ်းတွေကို ခေါ်ယူပြီး ဝင်းထဲမှာ နေစရာနေရာ ပေးထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။