မြန်မာအမျိုးသမီးတွေ တရုတ်ပြည်မှာ သတို့သမီးအဖြစ် ရောင်းစားခံနေရ
2011.06.04

ကုလသမဂ္ဂ ဌာနပေါင်းစု လူကုန်ကူးမှု တိုက်ဖျက်ရေးစီမံကိန်း UNIAP ရဲ့ အဆိုအရ ၂ဝ၁ဝ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံက လူမှောင်ခိုကူးမှု ၇ဝ ရာခိုင်နှုန်းဟာ တရုတ်ပြည်ကို လှည့်ဖြား ခေါ်ဆောင်ပြီး သတို့သမီးအဖြစ် ရောင်းစားခံရတဲ့ အမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ အမျိုးသမီးတွေဟာ မိုင်ပေါင်း ၁၂ဝဝ ကျော်ရှိတဲ့ တရုတ်မြန်မာ နယ်စပ်တလျောက်ကနေ တရုတ်နိုင်ငံဘက်မှာ လူပွဲစားတွေက တဆင့် အရောင်းစားခံရတာဟာ ပြီးခဲ့တဲ့ ၁ဝ နှစ်တာ ကာလကတည်းက ဖြစ်တယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံက အိမ်ထောင်ဖက်မယ့် အမျိုးသားတွေက မင်္ဂလာဆောင်ဖို့ စီစဉ်သူပွဲစားကို အမေရိကန် ဒေါ်လာ ၈ ထောင် ဝန်းကျင် ပေးလေ့ရှိပြီး မြန်မာဘက်က ဆင်းရဲတဲ့ မိဘတွေကတော့ မိသားစု အဆင်ပြေဖို့ ဒေါ်လာ ၁ ထောင်လောက်နဲ့ လက်ခံ လိုက်လျောတာတွေ ရှိတယ်လို့ UNIAP က ဆိုပါတယ်။
ဒီလို တရုတ်နယ်စပ်ဖြတ် မင်္ဂလာဆောင်မှု စီစဉ်တာတွေဟာ ၂ဝဝ၂ ခုနှစ်လောက်ကတည်းက စခဲ့ပြီး ၂ဝဝ၆ ခုနှစ်မှာ နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့တွေက သတိထားလာမိခဲ့ကြောင်း၊ ၂ဝဝ၉ ခုနှစ်မှာ ဒီလို စီစဉ်တာတွေကို လူမှောင်ခိုကူးမှုအဖြစ် နှစ်နိုင်ငံ အစိုးရတွေက အသိအမှတ်ပြုပြီး တိုက်ဖျက်နှိမ်နင်းဖို့ သဘောတူခဲ့ကြောင်း Save The Children အဖွဲ့က ပြောပါတယ်။
၂ဝ၁ဝ ပြည့်နှစ်အတွင်း တရုတ်မြန်မာနယ်စပ်က လူမှောင်ခိုကူးသူ ၅ဝ၂ ဦးကို ဖမ်းဆီး အပြစ်ပေးနိုင်ခဲ့ပြီး လူမှောင်ခို ကူးခံရသူ အမျိုးသား ၈၉ ဦးနဲ့ အမျိုးသမီး ၂၉၂ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။