ဗြိတိန်က မြန်မာကို လေးနှစ်အတွင်း ပေါင် သန်း ၂၀၀ ကျော် ကူညီမည်
2011.03.02

(Photo: AFP)
လက်ရှိ မြန်မာနိုင်ငံကို ပေးနေတဲ့ နိုင်ငံတကာ အလှူရှင် အစိုးရတွေထဲမှာ ဗြိတိသျှအစိုးရက ထိပ်ဆုံး ရောက်သွားပါတယ်။
ဒါနဲ့ပတ်သက်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ဗြိတိသျှ အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာကူညီမှု ထောက်ပံ့ငွေတွေ အဆပေါင်းများစွာ တိုးမြှင့် ထောက်ပံ့လာတာကို Burma Campaign UK အနေနဲ့ အလွန်ကျေနပ်ဝမ်းသာပါတယ်။ အခုဆိုရင် မြန်မာပြည်ကို ဗြိတိန်အစိုးရက တနှစ်ကို စတာလင်ပေါင် ၅၆ သန်း (ဒေါ်လာ ၉၁.၄ သန်း) လေးနှစ်ဆက်တိုက် ထောက်ပံ့ ကူညီသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ Burma Campaign UK အဖွဲ့ အနေနဲ့ ဗြိတိသျှ လွှတ်တော်ထဲမှာ စည်းရုံးလှုပ်ရှား ဆောင်ရွက်ခဲ့တယ်လို့ Mark Farmaner က ဆိုပါတယ်။