အမျိုးသားပြန်လည်သင့်မြတ်ရေး ဗြိတိသျှအစိုးရတိုက်တွန်း

မြန်မာအစိုးရက ရှမ်းပြည်မြောက်ပိုင်း တပ်မတော်နဲ့ အပစ်အခတ် ရပ်စဲရေး ကတိကဝတ်ကို ချိုးဖောက်ပြီး ထိုးစစ်ဆင်မှုတွေနဲ့ ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကသာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းနိင်မှာ ဖြစ်ပြီး ဒေသတွင်း လုံခြုံရေး ရရှိလာစေမှာ ဖြစ်တဲ့အတွက် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ ဗြိတိသျှ အစိုးရက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

2011.05.26
army_patrol_305_z.jpg တိုင်းရင်းသား ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရ တပ်ဖွဲ့တခု ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဗြိတိသျှ ပါလီမန်လွှတ်တော်မှာ မေလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေက ပြုလုပ်တဲ့ ဝန်ကြီးများ ဆွေးနွေးပွဲမှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး ဗြိတိသျှ လွှတ်တော်အမတ်တွေရဲ့ မေးခွန်းတွေအပေါ် ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးရုံး ဝန်ကြီးက အခုလို ပြောဆိုခဲ့တာ ဖြစ်ကြောင်း လန်ဒန်မြို့ အခြေစိုက် Burma Campaign UK ရဲ့ ပြောခွင့်ရသူ မမေရီလှက ပြောပါတယ်။

“ဒီစစ်အစိုးရရဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ သူတို့ အခု ဗမာပြည်ရဲ့ ပြည်သူတွေအတွက်ကို တိုင်းရင်းသားတွေ အတွက်ကိုပေါ့နော်၊ အခု ရှမ်းပြည် မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေ အတွက်ကို စိုးရိမ်တယ်လို့ သူတို့ရဲ့ ပါလီမန် မေးခွန်းမှာ ဗြိတိန် အစိုးရက ပြောပါတယ်။ နောက် အပစ်အခတ် ရပ်စဲထားတဲ့ဟာကို ချိုးဖောက်တာဟာလည်း တကဲ့တကယ်တော့ပေါ့နော် နိုင်ငံတကာ ဥပဒေတခုကို ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်ရှင့်။”

မြန်မာစစ်အစိုးရက ရှမ်းပြည်မြောက်ပိုင်း တပ်မတော်နဲ့ ၂၂ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်သွားပြီး နောက်ပိုင်း မြန်မာစစ်တပ်က ရှမ်းတိုင်းရင်းသူတွေအပေါ် အဓမ္မပြုကျင့်မှု၊ အရပ်သားတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်မှု၊ လုယက်မှု အခြေအနေတွေကို အထူး စိုးရိမ်ပူပန်မိကြောင်း နဲ့ ဒီပဋိပက္ခတွေကနေ အခြား တိုင်းရင်းသားဒေသတွေဆီ ကူးစက်သွားမှာ စိုးရိမ်ကြောင်း နိုင်ငံတကာ အစိုးရအနေနဲ့ မြန်မာတိုင်းရင်းသား ပြည်သူတွေရဲ့ အရေးအတွက် မြန်မာအစိုးရကို ဖိအားပေး တိုက်တွန်းစေချင်ကြောင်းလည်း ပြောကြားပါတယ်။

ဗြိတိသျှအစိုးရရဲ့ ဒီပြောကြားချက်တွေနဲ့ ပတ်သက်ပြီး RFA မှ မခင်ခင်အိက ဆက်သွယ်မေးမြန်း ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။