လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုတလင် ဒေသခံတစ်သောင်းကျော် ထွက်ပြေး

RFA Burmese
2024.10.12
လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုတလင် ဒေသခံတစ်သောင်းကျော် ထွက်ပြေး ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်နေသည့် နေအိမ်အဆောက်အအုံများအား တွေ့ရစဥ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ငပုရင်းရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၂ ရက် ဒီနေ့မနက် ဆယ်နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ငပုရင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု လေးကြိမ်နဲ့ စက်သေနတ်နဲ့ပစ်ခတ်မှု ငါးကြိမ် လုပ်သွားတာကြောင့် ဒေသခံတစ်သောင်းကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငပုရင်းရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ရွာပေါ်မှာ ကြဲသွားတာ ဟုတ်တယ်။ အောက်စစ်ကြောင်းလည်း မရှိဘူးဗျ။ ဘာမှမရှိဘဲနဲ့ သူတို့အပေါ်ကနေ Mi 35 နဲ့ ကိုးကြိမ်အထိ ကြဲသွားတာ။ ရွာထဲမှာကျတာကတော့ လေးလုံးကျတယ်။ ဒေသခံတွေကတော့ အကုန် ပြေးရတာပေါ့ဗျာ။ နောက်တစ်ကြိမ် ထပ်လာဦးမှာ ကြောက်ပြီးတော့ တစ်ရွာလုံး အကုန်ထွက်ပြေးရတာပေါ့”

လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁၅၀၀ ကျော်ရှိတဲ့ ငပုရင်းရွာက ဒေသခံတွေနဲ့ အဲဒီရွာရဲ့ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စီပါရွာက စစ်ဘေးဒုက္ခသည်တွေပါ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရွာ စစ်ကောင်စီ အခြေချစခန်းကနေ ထွက်လာတဲ့စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ကျော် သေဆုံးပြီး လေးဆယ်ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ရာ နေရာနဲ့နီးတဲ့ ငပုရင်းရွာကို အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က အောက်တိုဘာ ၁၂ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အင်အားတစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက အောက်တိုဘာ ၆ ရက်နေ့ကစလို့ မြေပြင်စစ်ကြောင်းထိုးနေပြီး နှောပင်ရိုး၊ မရိုးတော၊ တရော်တော၊ ယုန်လှေးကုန်း၊ ကံဆွယ်၊ ကြက်ရိုးကုန်း၊ သီးပင်အိုင်နဲ့ ကျောက်အိုး (အရှေ့၊ မြောက်၊ တောင်) ရွာတွေက ဒေသခံ ငါးဆယ်ခန့် ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။