ဘုတလင်မြို့နယ် စိုင်ပြင်လေးရွာ မီးရှို့ခံရပြီး လူဆယ်ဦးခန့် ဖမ်းဆီးခံထားရ
2024.10.21

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာကို စစ်ကောင်စီတပ်က နှစ်ကြိမ်မီးရှို့ပြီး အရပ်သား ဆယ်ဦးခန့်လည်း ဖမ်းဆီးခံထားရတယ်လို့ ဘုတလင် ဒေသခံတွေက RFA ကို အောက်တိုဘာ ၂၁ ရက် ဒီနေ့ ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့ကစလို့ အင်အားတစ်ရာခန့်ပါတဲ့ တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်းက စိုင်ပြင်လေးရွာမှာ တပ်စွဲပြီးနောက် ရွာထဲက နေအိမ်တွေကို မီးရှို့နေတာလို့ ဆိုပါတယ်။
အောက်တိုဘာ ၂၀ ရက် မနေ့ကတော့ ရွာထဲကို မီးဝင်ငြှိမ်းဖို့ ကြိုးစားတဲ့ စိုင်ပြင်လေးရွာခံ အမျိုးသားဆယ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးလိုက်တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့တုန်းက စစ်ကြောင်း ပြန်ထွက်ပြီ အထင်နဲ့ ရွာထဲ ဝင်သွားတာ။ မီးရှို့ခံရတဲ့ အိမ်တွေ မီးငြှိမ်းကြမယ်ဆိုပြီး ဝင်သွားတဲ့အချိန် ရွာထဲမှာ စစ်ကြောင်းနဲ့တွေ့ပြီး အဖမ်းခံရတာ။ စိုင်ပြင်လေးက မီးရှို့ခံရတာတော့ များတယ်။ အရေအတွက်တော့ မသိရသေးဘူး။ အခုလည်း စစ်ကြောင်းက ရှိနေတုန်းဆိုတော့ ရွာထဲ ဝင်လို့မရသေးဘူး”
ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာ နှစ်ပတ်ကျော် ကြာလာပြီးနောက် စိုင်ပြင်လေးရွာ အပါအဝင် စီပါ၊ တက်လှိုင်း၊ ကျွဲသေချောင်း၊ အိုင်ပေါင်းချောင်၊ ဆယ်ဝ စတဲ့ရွာတွေက နေအိမ် လေးရာခန့် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအပြင် စစ်ကြောင်းထိုးချိန်မှာ ဘုတလင်ဒေသခံ နှစ်ဆယ်ထက်မနည်း သတ်ဖြတ်ခံထားရပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က အောက်တိုဘာ ၂၁ ရက် ဒီနေ့မှာ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီကတော့ အောက်တိုဘာ ၁၈ ရက်နေ့က ဘုတလင်မြို့နယ်၊ စီပါရွာမှာ သတ်ဖြတ်ခံရသူခြောက်ဦးနဲ့ ပတ်သက်ပြီး စစ်ကောင်စီ တပ်သားတွေ ကျူးလွန်တာမဟုတ်ကြောင်း အောက်တိုဘာ ၂၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က ဘုတလင်မြို့နယ် စီပါရွာအနီးမှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား သုံးဆယ်ကျော် သေဆုံးပြီး လေးဆယ်ကျော် ဖမ်းဆီးခံရတဲ့အထိ အထိနာခဲ့တာကြောင့် တစ်ကျော့ပြန် စစ်ကြောင်းထိုးပြီး အရပ်သားတွေကို သတ်ဖြတ်တာနဲ့ ရွာကို မီးရှို့တာတွေ လုပ်နေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ရွာဆယ်ရွာခန့်က ဒေသခံ သုံးသောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။