ဘုတလင်မြို့နယ် ရွာနှစ်ရွာက နေအိမ် နှစ်ဆယ်ကျော် မီးရှို့ဖျက်ဆီးခံရ
2024.02.18
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က မြို့ပေါ်ရွာ နဲ့ ဇီးတောရွာကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီးနောက် နေအိမ် ၂၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ပေါ်ရွာက နေအိမ် ၂၁ လုံးနဲ့ ဇီးတောရွာက နေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့တာပါ။
မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေ ရွာထဲကနေ ပြန်ထွက်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကြောင်း အင်အားက စုစုပေါင်း ခုနစ်ဆယ်လောက်ရှိမယ်။ နှစ်ကြောင်းခွဲပြီးဝင်တာ။ ဒီနေ့ မနက် ၁၀ လောက်မှာ နေအိမ်တွေကို မီးရှို့ပြီး ပြန်ထွက်သွားတယ်”
ဒေသခံတွေကတော့ စစ်ကြောင်းပြန်ထွက်သွားပြီးနောက် ရွာထဲကို ပြန်ဝင်ခဲ့တယ်လို့ သူက ပြောပါတယ်။
မြို့ပေါ်ရွာနဲ့ ဇီးတောရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကတော့ သူမသိသေးဘူးလို့ RFA ကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်ကလည်း ဘုတလင်မြို့နယ် ကွမ်းခြံရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ ခဲ့တာကြောင့် နေအိမ်သုံးဆယ်နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။
မီးရှို့ခံရမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ နိုင်ငံတစ်ဝန်းက နေအိမ်ရှစ်သောင်းနီးပါး (၇၈, ၇၃၇) မီးလောင်ပျက်စီးခဲ့ပါတယ်။