မန်းအခြေစိုက် ဗကသ သတင်းစာရှင်းလင်း
2020.09.02
အထက်မြန်မာပြည်အခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က သူတို့အဖွဲ့ဝင်တချို့ဟာ ကိုယ်ကျိုးစီးပွားအတွက် ဗကသများအဖွဲ့ချုပ် နာမည်ကို အလွဲသုံးခဲ့တယ်လို့ ပြောဆိုလိုက်ပြီး၊ သမဂ္ဂဝင်အဖြစ်ကနေ ထုတ်လိုက်တယ်လို့ မန္တလေးမြို့၊ ရတနာပုံတက္ကသိုလ်မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ဗကသများအဖွဲ့ချုပ်ဆိုတဲ့ အမည်နာမကို သုံးစွဲထားပြီး သူတို့လုပ်တဲ့အရာကလဲ ရွေးကောက်ပွဲစောင့်ကြည့်ရေးဆိုတဲ့ လုပ်ငန်းစဉ် လျာထားချက်တွေ့ရတယ်လို့ ဗကသများအဖွဲ့ချုပ် ရုံးအဖွဲ့မှူး ကိုကျော်သီဟရဲကျော်က ပြောပါတယ်။
ဒါ့အပြင် သူက “ အဖွဲ့ချုပ်ရဲ့အမည်နာမကို အလွဲသုံးစားလုပ်ပြီးတော့ သူတို့ ရဲ့ကိုယ်ကျိုးစီးပွားအတွက် ပြုလုပ်တဲ့ကိစ္စကို ကျနော်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီးတော့ သူတို့ကို ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
သမဂ္ဂအဖွဲ့ဝင်ဟောင်း ၇ ယောက်ကို ကန့်ကွက်ရှုတ်ချပြီး၊ လက်ရှိသမဂ္ဂဝင် ၁၀ ယောက်ကို အဖွဲ့ကနေ ထုတ်တယ်လို့ ကြေညာလိုက်တာပါ။
လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပြတ်အသတ်မနိုင်ဘဲ ညွန်ပေါင်းအစိုးရ ဖွဲ့နိုင်အောင် လှုပ်ရှားဖို့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆီက ကျပ်သိန်းနှစ်ထောင်ရမယ့် လုပ်ငန်းစဉ်မှာ ပါဝင်ဖို့၊ သူ့ကို ဗကသများအဖွဲ့ချုပ်ဝင်တွေက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က မလှိုင်မြို့က အိမ်တအိမ်မှာ၊ ရွေးကောက်ပွဲစောင့်ကြည့်ရေး ခေါင်းစဉ်နဲ့ စည်းရုံးခဲ့တယ်ဆိုပြီး မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ကိုမင်းထက်မြတ်ဆိုတဲ့ ကျောင်းသားက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးလိုက်လို့ ပျံ့နှံ့သွားခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ သူတို့အနေနဲ့ စုံစမ်းခဲ့တယ်လို့ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်က ပြောပါတယ်။
“ဒီကိစ္စက လိုင်းပေါ်မှာ အများကြီးပြန့်နေတယ်။ စုံစမ်းလို့ရသမျှက USDP ပါတီဝင်တစ်ယောက် ဆီမှာသွားပြီး ဂိတ်ဆုံးတယ်။ RFA ကလည်းသတင်းတက်တယ် ။ USDP ဗဟိုကလည်း ငြင်းတယ်ဆိုတာမျိုး။ အဲတော့ ကျနော်တို့အနေနဲ့က ဘာပဲဖြစ်ဖြစ် ဒီစစ်အုပ်စုရဲ့နောက်ခံဆိုတာ ပါတီဗဟိုကနေပဲ ဖြစ်ဖြစ် ပါတီဝင် တယောက်ချင်းဆီကပဲဖြစ်ဖြစ် စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်နေပြီဆိုရင် ဒါဟာ စစ်အုပ်စုရဲ့ ကျောထောက်နောက်ခံလို့ပဲ ကျနော်တို့က ယူဆတယ်”
ဗကသအဖွဲ့ချုပ်က ကန့်ကွက်ရှုတ်ချတယ်ဆိုတဲ့ သမဂ္ဂအဖွဲ့ဝင်ဟောင်း ၇ ယောက်ထဲမှာ ပါနေတဲ့ မန္တလေးမြို့က ကိုရဲမျိုးဆွေက အခုလို တုံ့ပြန်ပါတယ်။
“ဒီကိစ္စမှာပေါ့နော် ကျနော်တို့က စစ်အုပ်စုနောက်က အထောက်အပံ့ယူတယ် ဘာညာပြောတဲ့ သူတို့မှာ အချက်အလက်ရှိမှာပေါ့နော်။ အချက်အလက်မရှိဘဲ မပြောဘူးထင်တာပေါ့။ အချက်အလက်မရှိဘဲ စကားပြောရင် ဒါကျနော်တို့ဘက်ကလဲ ကိုမင်းထက်မြတ် ဆိုတာ ပါပါတယ်။ သူ့ရဲ့ ပို့စ်ကို ရှယ်သွားတဲ့ NLD အမတ်တွေရောပေါ့။ ဒါက လိုင်းပေါ်မှာ ကျနော်တို့ကို အသရေဖျက်တယ်ပေါ့နော်။ ဒါကြောင့် ကျနော်တို့က ၆၆ (ဃ) နဲ့ အမှုဖွင့်ဖို့ကြိုးစားနေတယ်ပေါ့နော်”
အထက်မြန်မာပြည်အခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကိုသက်မောင်မောင် က သူတာဝန်ယူတဲ့ ကာလမှာအခုလိုဖြစ်တဲ့အတွက် တာဝန်ကနေ နှုတ်ထွက်မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လက်ရှိအချိန်မှာ အောက်မြန်မာပြည် ရန်ကုန်မြို့မှာ အခြေစိုက်ထားတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ အထက်မြန်မာပြည် မန္တလေးမြို့မှာ အခြေစိုက်ထားတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဆိုပြီး နှစ်ဖွဲ့ရှိနေပြီး၊ သီးခြားရပ်တည်နေကြတာ တွေ့ရကြောင်းပါ။