လွှတ်တော်သည် မြန်မာ့နိုင်ငံရေးပြဿနာ မဖြေရှင်းနိုင်ကြောင်း ပြောဆို
2011.01.31

၂၀၁၀ ရွေးကောက်ပွဲဟာ အမျိုးသားရေး လိမ်လည်မှုကြီး ဖြစ်တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ့ ရန်ပုံငွေရုံး ညွှန်ကြားရေးမှူး ဒေါက်တာသောင်းထွန်းက ပြောပါတယ်။
“ပြည်သူ့လွှတ်တော် အစည်းအဝေး ခေါ်ယူကျင်းပနေတဲ့ အချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲမှာ နအဖအနေနဲ့ ဝင်ရောက် စွက်ဖက်မှုတွေ၊ ကန့်သတ်မှုတွေ၊ မဲလိမ်မှုတွေ၊ မဲခိုးမှုတွေ အများကြီး လုပ်ခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လိမ်လည်မှုကြီးတရပ် ဖြစ်တယ်။ မြန်မာ့သမိုင်းရဲ့ အမဲစက်တခု ဖြစ်တယ် ဆိုတာ အားလုံး မမေ့ကြဖို့ပါပဲ။”
မြန်မာနိုင်ငံအနှံ့ နိုင်ငံရေးအရ ဖိနှိပ်မှုတွေနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေ ရှိတဲ့အကြောင်း ပြုစုထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ လေ့လာသုံးသပ်ချက် အစီရင်ခံစာကို မြန်မာနိုင်ငံ လွှတ်တော် ဖွင့်ပွဲနေ့မှာ မြန်မာ့ရန်ပုံငွေအဖွဲ့ ကုလသမဂ္ဂရုံးက အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။
ဒီအစီရင်ခံစာကို သတင်းမီဒီယာတွေ၊ မေးမြန်းခန်းတွေ၊ ပြည်တွင်းမှာ လျှို့ဝှက် လှုပ်ရှားနေတဲ့ ကွန်ရက်တွေကနေ ရရှိတဲ့ သတင်းအချက်အလက်တွေပေါ် အခြေခံပြီး ရေးသားတယ်ဆိုပါတယ်။
ရွေးကောက်ပွဲကာလအတွင်း အတိုက်အခံ နိုင်ငံရေးပါတီတွေကို မဲပေးခဲ့လို့ လက်တုံ့ပြန်တာတွေ အပါအဝင် ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုသတင်းတွေ ရရှိတယ်လို့လည်း မြန်မာ့ရန်ပုံငွေအဖွဲ့ ကုလသမဂ္ဂရုံးက ပြောပါတယ်။ ဒါ့ပြင် ဆင်ဆာ အပါအဝင် ကန့်သတ် ချုပ်ချယ်မှုတွေ ပိုမို တိုးပွားလာတဲ့အတွက် ရွေးကောက်ပွဲလွန် ကာလမှာလည်း မြန်မာပြည်ရဲ့ အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖွယ် မရှိဘူးလို့ ကြေငြာချက်မှာ ပါရှိပါတယ်။