အင်တာနက်ဖိနှိပ်မှု ကမ္ဘာမှာ မြန်မာအစိုးရ ဒုတိယ အဆိုးဝါးဆုံး
2011.04.20

ဧပြီ ၁၈ ရက် တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ Freedom House အဖွဲ့ရဲ့ အင်တာနက် လွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီအစီရင်ခံစာသစ်အရ ကမ္ဘာပေါ်မှာ အင်တာနက် လွတ်လပ်ခွင့် အကင်းမဲ့ဆုံး နိုင်ငံတွေကတော့ ပထမ အီရန်၊ ဒုတိယ မြန်မာနဲ့ တတိယ တရုတ်နိုင်ငံတို့ ဖြစ်ကြောင်း Freedom House အဖွဲ့ရဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ Sarah Cook က ပြောပါတယ်။
မြန်မာနိုင်ငံဟာ အင်တာနက် လွတ်လပ်ခွင့်ကို ဆိုးဆိုးဝါးဝါး ပိတ်ပင်နေတဲ့ အာရှတိုက် ၉ နိုင်ငံထဲမှာ ပါဝင်ပါတယ်။ အဆိုးဆုံးအဖြစ် အမှတ် ၁၀၀ အထိ နိုင်ငံအလိုက် သတ်မှတ်ဖော်ပြတဲ့ စာရင်းမှာ မြန်မာနို်င်ငံဟာ အမှတ် ၈၈ ရှိပါတယ်လို့ ပြောသွားပါတယ်။
Freedom House အဖွဲ့အနေနဲ့ အင်တာနက် ထိန်းချုပ်မှု ရှိတဲ့ နိုင်ငံပေါင်း ၃၇ နိုင်ငံကို လေ့လာ သုတေသန ပြုလုပ်ရာမှာ အင်တာနက် သုံးစွဲမှုအပေါ် အဟန့်အတားများ ဖြစ်စေမှု၊ ကန့်သတ် ထိန်းချုပ်မှုနဲ့ အင်တာနက် သုံးစွဲသူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်မှု စတဲ့အချက်တွေကို အခြေခံပြီး အမှတ်ပေးစနစ်နဲ့ တွက်ချက် ဖော်ပြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက် ဝန်ဆောင်မှု အဓိကပေးနေတဲ့ အစိုးရ ISP နှစ်ခုဖြစ်တဲ့ MPT မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံတယ်လီပို့ တို့ဟာ အင်တာနက်ကို ထိန်းချုပ်ရာမှာ လုံးဝ ပိတ်ပစ်တဲ့နည်းလမ်းရော၊ အမြန်နှုန်း လျှော့ချတဲ့ နည်းလမ်းပါ နှစ်မျိုးလုံး အသုံးပြုနေတယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာ ကန့်သတ် ထိန်းချုပ်မှုတွေ ပြုလုပ်ထားတဲ့ အပြင် မနှစ်က ပြည်ပအတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ၊ သတင်းဌာန တွေရဲ့ အင်တာနက် ဝက်ဆိုက်တွေ တိုက်ခိုက်ခံရမှုဟာ မြန်မာစစ်အစိုးရရဲ့ လက်ချက်ဖြစ်နိုင်ကြောင်း Freedom House အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ထောက်ပြထားပါတယ်။
ဒီအစီရင်ခံစာပါ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေကို အဖွဲ့သား ကိုကျော်ကျော်အောင်က ကောက်နုတ် တင်ပြထားပါတယ်။
![]() |
အင်တာနက် ပိတ်ပင်မှု အစီရင်ခံစာ ကောက်နုတ်ချက် |
![]() |
အသံဖိုင်ယူရန် |