ချင်းနဲ့ စစ်ကိုင်းမှာ ဖုန်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်

RFA Burmese
2024.12.07
ချင်းနဲ့ စစ်ကိုင်းမှာ ဖုန်းနဲ့ အင်တာနက်လိုင်း ပြတ်တောက် မိုဘိုင်းဖုန်း သုံးစွဲနေသူတစ်ဦးအား တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးလုပ်ငန်းစုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အမ်ပီတီ (MPT) တယ်လီဖုန်းလိုင်းကလွဲပြီး ကျန်တဲ့ တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၇ ရက်နေ့က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး ချင်းပြည်နယ်က မြို့နယ်တွေနဲ့ စစ်ကိုင်းတိုင်း၊ ကလေးနဲ့ တမူးမြို့နယ်တွေမှာ အက်တမ် (Atom) ဖုန်းလိုင်း ပြတ်တောက်သွားပြီး အူရီဒူး (Ooredoo) ဖုန်းလိုင်းလည်း ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းကစပြီး ဖုန်းနဲ့ ဖိုက်ဘာအင်တာနက်လိုင်း (FTTH) အားလုံးပြတ်တောက်သွားတယ်လို့ ဆိုပါတယ်။

မြို့သုံးခုထက်မနည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်မှာ ဟားခါးမြို့ကလွဲရင် ကျန်ရှစ်မြို့နယ်မှာ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး ဟားခါးမြို့မှာတော့ အမ်ပီတီ (MPT) ဖုန်းလိုင်းတစ်ခုတည်းသာ ရတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အင်တာနက်သုံးဖို့နဲ့ ဖုန်းပြောဖို့အတွက် MPT ဖုန်းလိုင်းသာရတာကြောင့် ဖုန်းဆင်းကတ်တွေ သုံးသောင်းကျပ်အထိ ဈေးတက်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခုက ချင်းပြည်နယ်မှာ ဖုန်းလိုင်းအားလုံး ပြတ်တောက်တာလို့ ပြောလို့ရတယ်။ MPT ကတော့ မြို့ပေါ်နေရာတွေမှာပဲ ရတာ။ အဲဒါတောင်မှာ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ လိုင်းမရတော့တာ ကြာလှပြီ။ ကလေးမြို့မှာလည်း ဖိုက်ဘာလိုင်းတွေလည်း ပြတ်၊ MPT ကလွဲပြီး ကျန်တဲ့ အော်ပရေတာအားလုံး ပြတ်တာ"

အင်တာနက်နဲ့ ဖုန်းလိုင်း ဖြတ်တောက်ခံရတာကြောင့် ဒေသခံတွေဟာ မိသားစု၀င်တွေနဲ့ အဆက်အသွယ်ရဖို့နဲ့ သတင်းအချက်လက်ရဖို့နဲ့ ငွေလွှဲ ငွေထုတ်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

အက်တမ် (ATOM) နဲ့ အူရီဒူး (Ooredoo) ဝန်ဆောင်မှုစင်တာတွေကို RFA က ဒီဇင်ဘာလ ၇ ရက်နေ့ ဆက်သွယ်တဲ့အခါ ဆက်သွယ်ရေး ဆာဗာ (Sever) လိုင်းတွေ ပြတ်တောက်နေတာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲနိုင်တဲ့အခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာအင်တာနက်စီမံကိန်းက ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့အထိ စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ အင်တာနက် ဖြတ်တောက်ထားတဲ့နေရာ ၂၄၉ ခုအထိ ရှိပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အင်တာနက်ဖြတ်ခံရတဲ့နေရာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ ကချင်ပြည်နယ်နဲ့ တတိယကတော့ ချင်းပြည်နယ်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။