ICC နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်း


2018.09.24
shwemaung-622 လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ကို Convention on Myanmar's Ongoing Genocide 2018 ပွဲမှာ တွေ့ရစဉ်
Photo: Burmese American Muslims Association

နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာအစိုးရအနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် မြန်မာ မွတ်စလင် အသင်းက မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ညီလာခံ ကျင်းပပြီး မနေ့က အချက် ၁၃ ချက် ပါဝင်တဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒီတောင်းဆိုချက်အပေါ် မြန်မာအစိုးရရဲ့ သဘောထားကို သိရဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့် ရှိသူတွေထံ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကတော့ ICC ရဲ့ လုပ်ဆောင်ချက်တွေဟာ မျှတမှုမရှိတာကြောင့် ICC နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မရှိကြောင်း ပြောပါတယ်။

"ကျနော်တို့က ဒီ ICC အဖွဲ့မှာ လက်မှတ်ရေးထိုးထား ပါဝင်ခြင်းလည်း မရှိဘူး။ နောက်တစ်ခါ ICC ရဲ့ လုပ်ဆောင်ချက်တွေဟာ မျှတမှုမရှိဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ဒါ့ကြောင့် မျှတမှုမရှိတဲ့ စုံစမ်းစစ်ဆေးမှု တစ်ခုမှာ ကျနော်တို့ ပါဝင်လိုက်ရင်၊ အဲဒီလို မျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်မျိုး၊ သူတို့ရဲ့ အစီရင်ခံစာမျိုးထွက်လာရင် ကျနော်တို့က ဒါအတွက် ပူးပေါင်းပါဝင်ပြီးသား လက်ခံပြီးသားဖြစ်သွားမှာ ကျနော်တို့ စိုးရိမ်ပါတယ်။ ဒါကြောင့် သူတို့မှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုရင် သူတို့ဘာသာသူတို့လုပ်ပါ။ ကျနော်တို့အနေနဲ့ကတော့ ပူးပေါင်းပါဝင်ခြင်း မပြုနိုင်ပါဘူးလို့ ကျနော်တို့ ပြောထားတာပါ"

ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေဟာ အထောက်အထားမရှိဘဲ ပြောဆိုနေတာတွေဖြစ်ပြီး တကယ် ရှိခဲ့တယ်ဆိုရင် အထောက်အထား အပြည့်အစုံနဲ့ တင်ပြဖို့လိုပြီး ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

အမေရိကန်ရောက် မြန်မာ မွတ်စလင် အဖွဲ့အစည်းက တောင်းဆိုချက်တွေထဲမှာ အင်းဒင်ကျေးရွာ လူသတ်မှုကို သတင်းရယူ ရေးသားခဲ့တာကြောင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ်မှာ ဖိနှိပ်မှုတွေမလုပ်ဖို့နဲ့ နိုင်ငံသားအခွင့်အရေးတွေ ရရှိတဲ့အထိ ဆောင်ရွက်ပေးဖို့ ဆိုတာတွေကိုလည်း တောင်းဆိုထားပါတယ်။

ဒီအပေါ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ရိုက်တာ သတင်းထောက်တွေကို ဖမ်းဆီးတာဟာ တည်ဆဲဥပဒေကို ချိုးဖောက်တာဖြစ်ပြီး သတင်းထောက်ဖြစ်တာကြောင့် ဖမ်းဆီးတာမဟုတ်ကြောင်းလည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။