မဏိပူရ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာရက်ကန်းအလုပ်သမား ၁၅၀ ကျော် အကူအညီလိုအပ်နေ
2023.11.24
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အဖမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်း ရက်ကန်း အလုပ်သမားတွေ ပြန်လွတ်မြောက်ဖို့ အာမခံလုပ်ပေးမယ့်သူမရှိတာကြောင့် အကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက RFA ကို ပြောပါတယ်။
မဏိပူရ်ပြည်နယ်မှာ ၂၀၂၁ ခုနှစ် မတ်လကစလို့ အဖမ်းခံထားရသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၃ ဦးရှိပြီး အဲဒီအထဲမှာ ကလေး ၃၅ ဦးပါဝင်တယ်လို့ ဆိုပါတယ်။
အဖမ်းခံရသူ တစ်ဦးကို အိန္ဒိယ လူဝင်မှု ကြီးကြပ်ရေးဥပဒေအရ ဒဏ်ငွေ အိန္ဒိယငွေ ရူပီး တစ်ထောင်စီနဲ့ ထောင်ဒဏ် ငါးလစီ ကျခံရမယ်လို့ မဏိပူရ်တရားရုံးက အမိန့်ချမှတ်ထားတာပါ။
ဖမ်းဆီးခံရသူတွေဟာ အဲဒီထောင်ဒဏ်ကို ကျခံပြီးဖြစ်ပေမယ့် ငွေဒဏ်နဲ့ အာမခံထုတ်ပေးမယ့်သူမရှိတဲ့အတွက် အခက်အခဲ ဖြစ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်တဲ့ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။
"သူတို့က စစ်ဘေးရှောင်တွေမဟုတ်ဘူး။ သူတို့ကရွှေ့ပြောင်းအလုပ်သမား လုပ်တဲ့သူတွေဖြစ်တယ်။ ရက်ကန်းလုပ်တဲ့သူတွေပါ။ အခုက နောက်ဆုံးအဖမ်းခံရတဲ့သူတွေတောင် ၁၀ လပြည့်နေပြီ၊ သူတို့ကို အာမခံလုပ်ပေးနိုင်တဲ့သူမရှိလို့ ပြန်မလွတ်နိုင်သေးတာ။ မြန်မာအစိုးရဘက်က အာမခံနဲ့ထုတ်ပေးစေချင်တာ"
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမှာရှိတဲ့ မြန်မာသံရုံးကို RFA က နိုဝင်ဘာလ ၂၄ ရက် ဒီနေ့မှာ အီးမေးလ်နဲ့ မေးမြန်းထားပေမယ့် အကြောင်းပြန်တာ မရှိသေးပါဘူး။
အခုဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေဟာ ကလေးမြို့နယ်က ခြောက်ဦး၊ တမူးမြို့နယ်ကတစ်ဦး၊ ဒီပဲယင်းမြို့နယ်က တစ်ဦး၊ ကနီမြို့နယ်က တစ်ဦး၊ ရွှေဘိုမြို့နယ်က တစ်ဦး၊ ဘုတလင်မြို့နယ်က ၁၇ ဦး၊ မုံရွာမြို့နယ်က ၉၁ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလ ၂၇ ရက်နေ့မှာလည်း မဏိပူရ် အင်ဖာအကျဉ်းထောင်မှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့အဖမ်းခံရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်နှစ်ဦးကို အာမခံနဲ့ပြန်လွတ်လာတာ ရှိတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။
(အမှားပြင်ဆင်ချက် - ဘို့သလင်းမြို့နယ်အစား ဘုတလင်မြို့နယ်ဟု ပြောင်းလဲပြင်ဆင်ထားပါသည်။)