အိန္ဒိယရောက် မြန်မာဒုက္ခသည် ရေရှည်နေထိုင်ခွင့်ဗီဇာ ထုတ်ပေးမည်
2012.05.16

မြန်မာဒုက္ခသည် အတော်များများဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ပြီး ဒေလီမြို့အနောက်တောင်ဘက် Vasant Kunj အရပ်က Sultan garhi ဗလီနားမှာ စုဝေးနေထိုင်နေကြတယ်လို့ သိရပါတယ်။
UNHCR အကြီးအကဲက ဒုက္ခသည် ကိုယ်စားလှယ်ခေါင်းဆောင် ၁၀ ဦးနဲ့ မနေ့က တွေ့ဆုံခဲ့ပြီးနောက် သူတို့ကို အိန္ဒိယအစိုးရက ရေရှည်နေထိုင်ခွင့် ဗီဇာတွေ ထုတ်ပေးမှာဖြစ်ကြောင်း UNHCR အဖွဲ့က ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။
အဲဒီဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရောက်ရှိလာတာဖြစ်ပြီး အိန္ဒိယနိုင်ငံမှာရှိတဲ့ သူတို့နေထိုင်ရာ ဒေသတွေမှာ အိန္ဒိယအစိုးရ နိုင်ငံခြားသား မှတ်ပုံတင်ဌာနကနေ ဗီဇာထုတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေအနေနဲ့ အိန္ဒိယနိုင်ငံတဝှမ်းက သူတို့နေထိုင်ရာ ဒေသအသီးသီးကို အမြန်ဆုံး ပြန်သွားကြဖို့ကိုလည်း UNHCR အဖွဲ့က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် စက်တင်ဘာလအတွင်း နောက်ထပ်ခေါ်ယူမယ့် အစည်းအဝေးကို တက်ရောက်ကြဖို့လည်း ဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားထားပါတယ်။
မြန်မာဒုက္ခသည်တွေကို တခြားဒုက္ခသည်တွေနည်းတူ အိန္ဒိယအစိုးရက အခုလို ရေရှည်နေထိုင်ခွင့်ဗီဇာ ထုတ်ပေးမယ့် အစီအစဉ်ဟာ ကြီးမားတဲ့ တိုးတက်မှု ခြေလှမ်းတရပ်ဖြစ်တယ်လို့လည်း UNHCR အရာရှိတစ်ဦးက ပြောပါတယ်။