Fulbright ပညာတော်သင်ဆု လွျှောက်လွှာများ အမေရိကန်သံရုံးက ခေါ်ယူ
2011.03.19

၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်အတွက် လျှောက်လွှာ ခေါ်ယူတာဖြစ်ပြီး အသေးစိတ်ကို တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၁၁ဝ မှာရှိတဲ့ အမေရိကန်သံရုံး၊ ယဉ်ကျေးမှုရေးရာ ဌာနမှာ စုံစမ်းနိုင်ပါတယ်။ အင်တာနက် စာမျက်နှာမှာ ကြည့်မယ်ဆိုရင် http://burma.usembassy.gov/scholarships.html ကနေ ကြည့်နိုင်ပါတယ်။
လျှောက်ထားသူဟာ မြန်မာနိုင်ငံသား ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် မေလ ၃၁ ရက်နေ့၊ ဒါမှမဟုတ် အဲဒီနေ့ မတိုင်ခင် Bachelor ရိုးရိုးသာမန်ဘွဲ့ ရရှိထားသူ ဖြစ်ရပါမယ်။
ပညာအရည်အချင်း ပြည့်စုံရမှာဖြစ်ပြီး အမှတ်ကောင်းသူတွေ ဖြစ်ရမယ့်အပြင် အင်္ဂလိပ်စာကို ပိုင်နိုင် ကျွမ်းကျင်သူ ဖြစ်ရပါမယ်။ အနည်းဆုံး TOEFL ရမှတ် ၅၇၅ မှတ်၊ ဒါမှမဟုတ် IELTS ၆ ဒဿမ ၅ ဖြေဆို အောင်မြင်ထားရပါမယ်။
တက်ရောက်သင်ကြားလိုတဲ့ ဘာသာရပ်နဲ့ ဆိုင်တဲ့ အသက်မွေးဝမ်းကြောင်း အတွေ့အကြုံ ဒါမှမဟုတ် သက်ဆိုင်တဲ့ ဒီဂရီ ရရှိထားသူ ဖြစ်ရပါမယ်။
အမေရိကန် ပြည်ထောင်စုကို မရောက်ဖူးသူ၊ ရောက်ဖူးရင်လည်း ရောက်ဖူးတယ်ဆိုရုံ ဒါမှမဟုတ် အမေရိကန် ပြည်ထောင်စုမှာ မနေထိုင်ဖူးသူလည်း ဖြစ်ရပါမယ်။ အမေရိကန်တက္ကသိုလ် တခုခုက ဒီဂရီ ရထားသူမဟုတ်ဘဲ အမေရိကန်က ဒီဂရီ တခုခုရဖို့ တက္ကသိုလ်တခုခုမှာ လျှောက်ထားထားတဲ့သူလည်း မဖြစ်ရပါဘူး။
အရေးကြီးတဲ့အချက်ကတော့ ဒီ Fulbright ပညာတော်သင်ဆု ရရှိတဲ့သူဟာ မြန်မာနိုင်ငံကို ပြန်ရပါမယ်။ ဒီ Fulbright ပညာတော်သင်ဆုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ရန်ကုန်မြို့ တော်ဝင်လမ်းမှာရှိတဲ့ အမေရိကန်သံရုံး၊ ပြည်သူ့ရေးရာဌာနမှာ မတ်လ ၂၈ ရက်နေ့မှာ မြန်မာဘာသာနဲ့ သွားရောက် ကြည့်ရှုနိုင်တယ်လို့လည်း သိရပါတယ်။