ပုလဲမြို့နယ် အေးကုန်းရွာ မီးရှို့ခံရ၊ အနီးအနားဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2023.11.12
ပုလဲမြို့နယ် အေးကုန်းရွာ မီးရှို့ခံရ၊ အနီးအနားဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးနေရ စစ်ကောင်စီ စစ်ကြောင်းထိုးနေသည့် ပုလဲမြို့နယ်၊ အေးကုန်းရွာအတွင်း မီးလောင်နေသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
သခင်ဒေါင်းညို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နဲ့ နှစ်မိုင်ခန့်အကွာက အေးကုန်းရွာကို နိုဝင်ဘာ ၁၂ ရက် ဒီနေ့မနက် ၈ နာရီခန့်မှာ အင်အား ခြောက်ဆယ်ကျော်ပါ စစ်ကြောင်း ဝင်ရောက်မီးရှို့နေတာကြောင့် အဲဒီရွာအပါအဝင် အနီးအနားရွာတွေက ဒေသခံ ရှစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

အိမ်ခြေရှစ်ဆယ်ဝန်းကျင်ရှိတဲ့ အေးကုန်းရွာကို လေးဘက်လေးတန်ခွဲ မီးရှို့နေတာဖြစ်ပြီး အေးကုန်းရွာအပြင် လူဦးရေ လေးထောင်ကျော်ရှိတဲ့ လက်တောင်းကြီး၊ အလယ်ဘုံ၊ ကြိုးကြာဥနဲ့ အနီးအနားရွာတချို့က ပြည်သူ ရှစ်ထောင်ကျော် ထွက်ပြေးရတာလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

အေးကုန်းရွာကို စစ်ကြောင်းထိုးချိန် ပုလဲမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ကလည်း မြို့နဲ့အနီးအနားက ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုလဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ယင်းမာပင်ဘက်က တက်လာတဲ့ စစ်ကြောင်းတဲ့။ ဒီနေ့မနက် ၈ နာရီလောက်မှာ အေးကုန်းရွာကို မီးရှို့လိုက် တယ်။ လက်ရှိအခြေအနေကတော့ ဘာမှန်းမသိရသေးဘူး။ ဓားစာခံ နှစ်ယောက်လောက်လည်း ဖမ်းခံထား တယ်တဲ့။ အတိအကျမသိရသေးဘူး။ အခုလည်း မီးရှို့နေတာ မထွက်သေးဘူး။ မီးရှို့တာက လေးနေရာ ခွဲရှို့နေ တယ်။ ပုလဲထဲကလည်း မြို့နားတစ်ဝိုက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ညှပ်ထုနေတယ်။ ရွာကို မီးရှို့နေတဲ့အချိန်”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ပုလဲမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဦးဆောင်သူ သခင်ဒေါင်းညိုကတော့ စစ်ကြောင်းကို ရင်ဆိုင်ဖို့ လူအင်အား၊ လက်နက်အင်အား မမျှတဲ့အတွက် အခြေအနေကိုသာ စောင့်ကြည့်နေရတယ်လို့ RFA ကို ပြောပါတယ်။

“လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသန်းပစ်ခတ်မှုတွေ အရမ်းကိုလုပ်နေတော့ အခုက မီးရှို့ခံနေရတဲ့ အေးကုန်းနဲ့ အနီးအနားက ပြေးရှောင်နေရတယ်။ အမှန်တိုင်းပြောရရင် ဘာမှကို မလုပ်နိုင်တော့တာ။ အခု စစ်ကြောင်းထိုး လာရင် လက်ပိုက်ကြည့်နေရတယ်။ ပြန်ခုခံစရာဆိုလို့၊ ပြန်တိုက်စရာဆိုလို့ ဘာမှကို မကျန်တော့တာ”

နိုဝင်ဘာလ ၄ ရက် ညနေပိုင်းက လက်ပုကန်ရွာအရှေ့ထိပ်မှာ အင်အားတစ်ရာကျော်ပါ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး ကားနှစ်စီးပျက်စီးခဲ့သလို လက်နက်ခဲယမ်းတချို့ ပါသွားခဲ့တာလို့ သခင်ဒေါင်းညိုက ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။