ကျွန်းလှမြို့နယ်၊ ကြာတကန်ရွာမီးရှို့ခံရပြီး ဒေသခံ နှစ်ထောင်နီးပါး ထွက်ပြေး
2023.02.11

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကြာတကန်ရွာကို ဖေဖော်ဝါရီလ ၁၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ တပ်ဝင်ရောက်မီးရှို့တာကြောင့် အနီးနားက ဒေသခံ နှစ်ထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ကြာတကန်ရွာ ကို ဝင်မီးရှို့တာကြောင့် ကြာတကန်ရွာ အပါအဝင် အနီးပတ်ဝန်းကျင်က ထန်းပင်ကုန်းရွာ၊ ကန့်ဘလူမြို့နယ် အင်ကြင်းစုရွာနဲ့ အင်ကြင်းမြိုင်ရွာတို့က ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ရတာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က တာဝန်ရှိသူက ပြောပါတယ်။
"မိုင်းတွေ ထောင်ထားတတ်တာရယ်။ ကင်းပုန်းချန်ခဲ့တတ်တာရယ်။ စစ်ကြောင်း မဝေးသေးတာကြောင့် ချက်ချင်းတော့ ရွာပြန်ဝင်လို့ မရလောက်သေးဘူးဗျ။ လေးရွာပေါင်းက နှစ်ထောင်လောက်ရှိမယ်"
ကြာတကန်ရွာဟာ ကန့်ဘလူမြို့အရှေ့ဘက်က အိမ်ခြေ ၁၄၀ ခန့်ရှိတဲ့ ရွာတစ်ရွာဖြစ်ပြီး မြို့နဲ့ နှစ်မိုင်ပဲကွာတဲ့ ရွာဖြစ်ပါတယ်။ ကြာတကန်ရွာက မီးရှို့ခံရတဲ့ အိမ်အရေအတွက် ကိုတော့ မသိရသေးဘူးလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။
ဒီရွာကို ဝင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ခြေမြန်တပ်ရင်း ခမရ-၃၆၈ နဲ့ ပျုစောထီး စုစုပေါင်းအင်အား ၁၂၀ ဝန်းကျင်ရှိပြီး ကျွန်းလှမြို့ပေါ်ကနေ ထွက်ခွာလာတဲ့ တပ်ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ဒီနှစ် ဇန်နဝါရီလ ၆ ရက် နဲ့ ၇ ရက်နေ့တွေကလည်း ကြာတကန်ရွာနဲ့ ထန်းပင်ကုန်းရွာကို စစ်ကောင်စီတပ် ဝင်ရောက်ခဲ့ပြီး ကြာတကန်ရွာက ဒေသခံနှစ်ဦး သတ်ဖြတ်ခံရသလို စပါးတင်း တစ်ထောင်ကျော် ယူဆောင်ခံခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒီအပြင် ထန်းပင်ကုန်းရွာက အိမ် ၅၉ လုံး ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူက ပြောပါတယ်။