နွားထိုးကြီးမြို့နယ် ဖောင်းချဉ်ရွာမှာ နေအိမ်လေးဆယ်ကျော် မီးရှို့ခံရ

RFA Burmese
2024.06.09
နွားထိုးကြီးမြို့နယ် ဖောင်းချဉ်ရွာမှာ နေအိမ်လေးဆယ်ကျော် မီးရှို့ခံရ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်း (အရှေ့) ရွာကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားခဲ့သည့် ဘုန်းကြီးကျောင်းတစ်ကျောင်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲက ဖောင်းချဉ်ရွာကို ဇွန်လ ၈ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် နေအိမ်လေးဆယ်ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဖောင်းချဉ်ရွာနဲ့ နှစ်မိုင်ကျော်ဝေးတဲ့ ဆူးဖြူကုန်းရွာမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဖောင်းချဉ်ရွာကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

လတ်တလော လုံခြုံရေးအခြေအနေအရ ရွာကိုပြန်မဝင်ရသေးတာကြောင့် မီးလောင်ပျက်စီးသွားတဲ့ အသေးစိတ် အခြေအနေကိုတော့ မသိရသေးဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"လတ်တလော စစ်ကြောင်းက ရွာမှာမရှိတော့ပါဘူး။ စစ်ကြောင်း မရှိတော့ဘူးဆိုပေမဲ့ ရွာကိုလည်း ပြန်မရသေးတော့ အခြေအနေ အသေးစိတ် မသိရသေးဘူး။ ညကတော့ မီးက ၁၀ နာရီကျော်မှ ငြိမ်းတာပဲ။ မြေပြင်မှာ မီးလောင်တဲ့အရေအတွက်က ဒီထက်ပိုနိုင်တယ်"

စစ်ကြောင်းဟာ တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက်စီးနင်းနေတာကြောင့် ဆူးဖြူကုန်းနဲ့ ဖောင်းချဉ်ရွာက ဒေသခံလေးရာကျော်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

အင်အားတစ်ရာကျော်တဲ့ စစ်ကောင်စီတပ်ဟာ ဇွန်လအစောပိုင်းကတည်းက နွားထိုးကြီးမြို့နယ်မြောက်ဘက်နဲ့ အနောက်ဘက်တို့ကို စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

မီးလောင်မှုအခြေအနေတွေကို မှတ်တမ်းပြုစုနေတဲ့ လွတ်လပ်တဲ့သုတေသနအဖွဲ့ Data for Myanmar ရဲ့ စာရင်းတွေအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ကိုးသောင်းနီးပါး (၈၈,၃၇၃ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။