ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးလှေဆိပ်က တဲနဲ့နေအိမ်တွေ မီးရှို့ခံရ
2023.06.17

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစက်လှေဆိပ်က တဲတွေအပါအဝင် နေအိမ်တွေကို ဇွန်လ ၁၇ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လှေဆိပ်က လက်မှတ်ဖြတ်တဲ့တဲ၊ ဆိုင်ကယ်ထားတဲ့တဲအပါအဝင် တဲသုံးလုံးနဲ့ ရွာနေအိမ်တွေကိုပါ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
စက်လှေဆိပ်ကတဲတွေအပြင် ညောင်ပင်ကြီးရဲစခန်းနားက နေအိမ်တွေကိုပါ စစ်ကောင်စီတပ်က မီးဆက်ရှိုခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
"ဒီနေ့မနက်က အဲဒီတဲတွေရှို့တယ်။ စခန်း (ညောင်ပင်ကြီးရဲစခန်း) နားက အိမ်လေးတွေရှို့တယ်။ ပြီးတော့ ကမ်းနားက ကိုင်းတောတွေလည်း မြင်ကွင်း ကျယ်အောင်လို့ လိုက်ရှို့နေတာ တွေ့တယ်"
စစ်ကြောင်းရှိနေသေးတာကြောင့် မီးလောင်ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ညောင်ပင်ကြီးရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက် ခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ ကတည်းကရောက်ရှိနေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၉ ရက်ကနေ ဇွန်လ ၁၇ ရက်အထိ နေအိမ်နှစ်ရာဝန်းကျင် မီးရှို့ဖျက်ဆီး ခံထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ညောင်ပင်ကြီးအုပ်စုမှာ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ ထန်းတောရွာ၊ သိမ်တော်ရွာနဲ့ သုံးဆူ ရပ်ကွက်အပါအဝင် ရွာခုနစ်ရွာရှိပြီး စုစုပေါင်း အိမ်ခြေ ၁၃၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
လွတ်လပ်တဲ့သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်အထိထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးလို့ စစ်ကိုင်းတိုင်းက အရပ်သားပြည်သူတွေရဲ့ နေအိမ် ၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။