စစ်ကိုင်း တပုရင်းကွဲရွာ အရပ်သားတစ်ဦး အသတ်ခံရပြီး၊ နေအိမ် ၅၀ ကျော် မီးရှို့ခံရ

2023.04.25
စစ်ကိုင်း တပုရင်းကွဲရွာ အရပ်သားတစ်ဦး အသတ်ခံရပြီး၊ နေအိမ် ၅၀ ကျော် မီးရှို့ခံရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တပုရင်းကွဲရွာမှ နေအိမ်တချို့ကို တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တပုရင်းကွဲရွာမှာ ဧပြီ ၂၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ရွာကို စီးနင်းဝင်ရောက်ပြီးနောက် အရပ်သားတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့သလို နေအိမ် ၅၃ လုံးနဲ့ ဓမ္မာရုံတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သတ်ခံရသူဟာ အသက် ၄၄ နှစ်အရွယ် ကိုထွန်းထွန်းဝင်းဖြစ်ပြီး စစ်ကောင်စီတပ်တွေရွာထဲ ဝင်လာချိန် ဖမ်းဆီးခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တပုရင်းကွဲရွာ ဒေသခံတစ်ဦးက RFA ကို ဒီ‌နေ့ ပြောပါတယ်။

"ရွာအရှေ့ဘက်က သူနေတဲ့ တဲကို အပြန်မှာ စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံရတယ်၊ မေးတယ်၊ စစ်ဆေးရိုက်နှက်တယ်၊ သူကလည်း အရပ်သားဆိုတော့ ဘာမှ မသိဘူး။ မဖြေတဲ့အခါကျတော့ ရွာအရှေ့ဘက် အင်းထဲမှာ သူ့ကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သွားတာ"

သေဆုံးသူ ကိုထွန်းထွန်းဝင်းဟာ တောင်ယာလုပ်ငန်းနဲ့ အသက်မွေးသူဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးနဲ့ ကလေး သုံးဦး ကျန်ရစ်ပါတယ်။

အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ဧပြီ ၂၀ ရက်ကတည်းက စစ်ကိုင်းမြို့နယ် မူးမြစ်တစ်လျှောက်က ကျေးရွာတွေကို စီးနင်းပြီး မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၂၁ ရက်ကနေ ၂၄ ရက်အထိ သုံးရက်အတွင်း စစ်ကိုင်းမြို့နယ်က အင်းစ၊ မူးသာ၊ တောင်မြို့နဲ့ ရွာထောင် အပါအဝင် ရွာခြောက်ရွာက နေအိမ် ၄၄၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အင်းစရွာသား တစ်ဦး၊ မူးသာရွာသား တစ်ဦးနဲ့ စံသစ်ရွာသား သုံးဦး စုစုပေါင်း ငါးဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ နောက်ထပ် စစ်ကိုင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ရွာတွေမီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင် ကို RFA က တယ်လီဖုန်းနဲ့ ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရော စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကပါ စစ်ကောင်စီတပ်သားတွေ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမျိုး မရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်ဝါရီလတုန်းကလည်း အဲဒီရွာမှာ သီတဂူ ဗုဒ္ဓတက္ကသိုလ်က နာယကလည်းဖြစ်၊ ဂုဏ်ထူးတန်းဘွဲ့ရ စာချဆရာတော်လည်းဖြစ်တဲ့ ဆရာတော် အရှင်ဂန္ဓသာရ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ဦးနဲ့ အရပ်သားနှစ်ဦး စုစုပေါင်း လေးဦး အသတ်ခံခဲ့ရသလို နေအိမ် ၉၀ ကျော်လည်း မီးရှို့ခံခဲ့ရပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဧပြီ ၂၄ ရက် စာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ ၃,၄၃၀ ဦး အသတ်ခံရပြီး ၁၇,၆၀၉ ဦး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။