ခင်ဦးမှာ နေအိမ်လေးလုံး မီးရှို့ခံရပြီး သိုး၊ နွား အကောင် ၅၀ ကျော် ပျောက်ဆုံး

RFA Burmese
2023.06.10
ခင်ဦးမှာ နေအိမ်လေးလုံး မီးရှို့ခံရပြီး သိုး၊ နွား အကောင် ၅၀ ကျော် ပျောက်ဆုံး မီးရှို့ဖျက်ဆီးခြင်းခံရသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရေအေးကုန်းရွာမှ နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
ကိုလူချော

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရေအေးကုန်းရွာကို အင်အားတစ်ရာကျော်ပါစစ်ကြောင်း ဇွန်လ ၉ ရက် နေ့လယ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို နေအိမ်ပစ္စည်းတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေပါ ယူဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မီးရှို့ခဲ့တာကြောင့် နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့ပြီး သိုးအကောင် ၅၀ ဝန်းကျင်နဲ့ နွားခြောက်ကောင် ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ရွာထဲကအိမ်တွေမှာရှိတဲ့ပစ္စည်းအချို့ကိုပါ ယူသွားကြတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ဝက်နှစ်ကောင်၊ သိုးနှစ်ကောင် ချက်စားသွားတယ်။ ရွာထဲကစျေးဆိုင်ကလည်း သိန်းသုံးဆယ်ဖိုးလောက်ပစ္စည်းတွေ ယူသွားတာပေါ့ဗျာ။ နောက် အိမ်ပေါက်စေ့ အကုန်မွှေနှောက်ပြီးတော့ လိုချင်တာတွေ ယူသွားတယ်ဗျ"

အဲဒီစစ်ကြောင်း ရွာထဲကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် နွားကိုးကောင်လည်း လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

နေအိမ်လေးလုံးကိုတော့ ဇွန်လ ၁၀ မနက် ၅ နာရီဝန်းကျင် ရွာထဲကစစ်ကြောင်း ပြန်မထွက်ခင် မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းဝင်ရောက်လာတာကြောင့် အိမ်ခြေ ၁၁၀ ခန့်ရှိတဲ့ ရေအေးကုန်းရွာအပါအဝင် နီးစပ်ရာရွာတွေက ဒေသခံ သုံးထောင်ခန့် ဘေးလွတ်ရာထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ပစ္စည်းတွေနဲ့ တိရိစ္ဆာန်တွေကိုပါ ယူဆောင်သွားတယ်လို့ ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီး နောက် အရပ်သားတွေရဲ့ နေအိမ်အဆောက်အအုံ ၆၀,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၁ ဒသမ ၅ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။