ပေါက်တောမြို့နယ် မနော်သီရိရွာမှာ နေအိမ်နှစ်ဆယ်ကျော် မီးရှို့ခံရ
2023.12.06

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် မနော်သီရိရွာမှာ ဒီဇင်ဘာ ၅ ရက် နေ့လယ်က စစ်ကောင်စီရဲ့ ရေတပ် (Navy) ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာအပြင် ရွာထဲကိုဝင်ပြီး မီးရှို့ခဲ့တာကြောင့် တစ်ဦးဒဏ်ရာရပြီး နေအိမ်နှစ်ဆယ်ကျော် မီးလောင်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
နေအိမ် (၁၈) လုံး မီးလောင်ပြာကျသွားခဲ့ပြီး လေးအိမ်လောက် တစ်၀က်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"မီးလောင်ပြာကျသွားတဲ့ အိမ်က (၁၈) လုံး ရှိတယ်။ နောက် အိမ်လေးအိမ်လောက်က တစ်ဝက်လောက် မီးလောင်သွားတယ်။ ပြီးရင် မိန်းမတစ်ယောက် ဒဏ်ရာရတာရှိတယ်။ သူတို့ ၂ နာရီခွဲလောက်မှာ နေဗီကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရွာကိုပစ်တယ်။ ပြီးတာနဲ့ ရွာကို စစ်သားတွေတက်ပြီး မီးရှို့သွားတာပါ။ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ဒီအတိုင်း လက်နက်ကြီးတွေနဲ့ပစ်ပြီး ရွာကိုတက်လာတာပါ"
အသက် သုံးဆယ်အရွယ် မအေးအေးချိုကတော့ ရေတပ်ကလှမ်းပစ်ချိန် ထွက်ပြေးရင်း ခြေထောက်မှာ ကျည်ဆံထိမှန် ဒဏ်ရာရသွားတာလို့ ဆိုပါတယ်။
အိမ်ခြေနှစ်ရာကျော်နဲ့ လူဦးရေ နှစ်ထောင်ခန့်ရှိတဲ့ မနော်သီရိရွာက ဒေသခံတွေကတော့ စစ်ကောင်စီရေတပ်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လှမ်းပစ်ချိန်ကတည်းက ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး စစ်ကောင်စီတပ်သားတွေ ရွာထဲမီးဝင်ရှို့သွားတာကြောင့် အိမ်ခြေတစ်ရာနီးပါး မီးလောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။