နတ်မောက်မြို့နယ် ဖက်တောရေရွာမှာ နေအိမ် လေးဆယ်ခန့် မီးရှို့ခံရ

RFA Burmese
2024.06.15
နတ်မောက်မြို့နယ် ဖက်တောရေရွာမှာ နေအိမ် လေးဆယ်ခန့် မီးရှို့ခံရ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တစ်နေရာကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။
wikipedia/ Ninjastrikers

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ဖက်တောရေရွာကို ဇွန်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် နေအိမ် လေးဆယ်ခန့် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အားခုနစ်ဆယ်ကျော်ပါ စစ်ကြောင်းဟာ နတ်မောက်မြို့နယ်အတွင်းက ရွာတွေကို တစ်ရွာဝင် တစ်ရွာထွက် ဝင်ရောက်စီးနင်းနေတာလို့ ဆိုပါတယ်။

အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု (OPRF-PLA) တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီတပ်ဟာ နယ်မြေရှင်းလင်းရေးပုံစံနဲ့ ရွာတွေကို၀င်ရောက်ပြီး နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးနေတာလို့ RFA ကို ပြောပါတယ်။

"လတ်တလောမှာတော့ တိုက်ပွဲတွေဖြစ်နေတာလည်း ရှိတယ်။ လူတွေကိုဖမ်းတယ်၊ ပြီးရင် သတ်ပစ်တယ်။ နေအိမ်တွေကို မီးရှို့တယ်။ ရွာတိုင်းကို ဝင်စီးနင်းနေတဲ့ သဘောပေါ့။ ဒီမနက်မှာတော့ ပန်းညိုရွာကို စစ်ကြောင်းဝင်ရောက် စီးနင်းနေပါတယ်"

ဖက်တောရေရွာမှာ နေအိမ်တွေအပြင် တောင်ယာတဲတွေပါ မီးရှို့ခံရတာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

ဇွန်လ ၈ ရက်နေ့ကလည်း မြို့သစ်မြို့နယ် ကွင်းကြီး ကျေးရွာအနီးမှာ အသက် ၃၃ နှစ်အရွယ် ကိုညိုလုံးနဲ့ အသက် ၂၈ နှစ်အရွယ် ကိုမြင့်ဇော်ဦးတို့ ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်မှုအခြေအနေတွေကို မှတ်တမ်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ကိုးသောင်းနီးပါး (၈၈,၃၇၃ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။