စစ်ကိုင်း သာဇင်ရွာ နေအိမ် ၇၀၀ နီးပါး မီးရှို့ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံး
2023.06.15
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် သာဇင်ရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၃ ရက်နေ့မှာ ဝင်ရောက် စီးနင်းခဲ့တာကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးပြီး နေအိမ် အလုံး ၇၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သာဇင်ရွာက ဒေသခံ ၂၅ ဦးအပြင် အနီးအနားရွာတွေက ဖမ်းဆီးခံရသူတွေပါ ပေါင်းရင် စုစုပေါင်း အဖမ်းခံထားရသူ ၄၀ ခန့်ရှိတယ်လို့ ပြောပါတယ်။
ရွာကိုမီးရှို့ချိန် ထွက်မပြေးနိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီး မီးလောင်သေဆုံးခဲ့တာဖြစ်ပြီး အရပ်သားတွေကိုတော့ ဓားစာခံအဖြစ် ဖမ်းထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ မွန်းလွဲပိုင်းက ပြောပါတယ်။
“သာဇင်ရွာက ဖမ်းသွားတာက ၂၅ ယောက်၊ တခြားရွာက ဖမ်းလာတာတွေလည်း ရှိသေးတယ်။ အခုထိဆို ဖမ်းဆီးခံထားရသူက ၄၀ လောက်ရှိတယ်။ စစ်ကြောင်းနဲ့ပါသွားတာ။ တစ်ယောက်မှတော့ ပြန်မလွတ်သေးဘူး”
သာဇင်ရွာဟာ အိမ်ခြေ တစ်ထောင်လောက်ရှိတဲ့ ရွာကြီးဖြစ်ပြီး လက်ရှိမှာ အိမ်ခြေ ၇၀၀ နီးပါး မီးလောင်ပျက်စီးတာကြောင့် လူ သုံးထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ သူက ပြောပါတယ်။
ဇွန်လ ၁၃ ရက်နေ့က သာဇင်ရွာကို ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းဟာ ဇွန်လ ၁၄ ရက် မနေ့က အိုင်းဓမ္မရွာက နေအိမ် ၁၀ လုံးကို ထပ်မံ မီးရှိုခဲ့ပြီး ဇွန်လ ၁၅ ရက် ဒီနေ့မှာတော့ ပေါက်မရွာကို ဝင်ရောက်စီးနင်း မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်း တိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
လွတ်လပ်တဲ့သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက် မနေ့ကထိ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးလို့ စစ်ကိုင်းတိုင်းက အရပ်သားပြည်သူတွေရဲ့ နေအိမ် ၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။