ဘူးသီးတောင်ဒေသ မွတ်စလင်တွေ ထိခိုက်မှု တပ်မတော်နဲ့ AA အပြန်အလှန်စွပ်စွဲ
2020.02.03
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှာ AA ရက္ခိုင့်တပ်တော်ရဲ့လက်ချက်နဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ သေဆုံးဒဏ်ရာရတာတွေ၊ မုဒိန်းကျင့်ခံနေရတာတွေ ရှိနေတယ်လို့ မြန်မာ့တပ်မတော်က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး စွပ်စွဲလိုက်ပါတယ်။ AA ဘက်ကတော့ တပ်မတော်ရဲ့စွပ်စွဲချက်တွေဟာ မဟုတ်ဘူး လို့ငြင်းဆိုပြီး ရခိုင်တွေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအကြား ပဋိပက္ခတွေဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
တကယ်တော့ မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်အကြားမှာ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲနေကြတာကြာပါပြီ။
ဒီနေ့ နေပြည်တော်မှာကျင်းပခဲ့တဲ့ တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ရခိုင်ပြည်နယ် ဘူးသီးတောင် ဒေသက အရပ်သားတွေသေဆုံးမှုဟာ AA အဖွဲ့ရဲ့လက်ချက်ဆိုပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စွပ်စွဲခဲ့ပါတယ်။
AA နဲ့ တပ်မတော်အပြန်အလှန်စွပ်စွဲတာ မဆန်းဘူးဆိုပေမဲ့ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကတော့ AAရဲ့ လုပ်ရပ်ဟာ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ပတ်သက်ပြီး ICJ နိုင်ငံတကာတရားရုံးနဲ့ မြန်မာနိုင်ငံအကြား အမှု ဖြစ်နေတဲ့အချိန်မှာ တပ်မတော်ကို နာမည်ပျက်အောင် AA ကတမင်ရည်ရွယ်ပြီးလုပ်ကြံတာလို့ စွပ်စွဲလိုက်တာပါပဲ။
မြန်မာစစ်တပ်ဟာ မွတ်စလင်နဲ့ လူမျိုးရေးပြဿနာဖြစ်အောင် ဖန်တီးနေတယ်လို့ AA ရက္ခိုင့်တပ်တော်ရဲ့ ပြောခွင့်ရ ခိုင်သုခက တုံ့ပြန်ပါတယ်။
မြန်မာ့တပ်တော်ရဲ့ ရခိုင်ဒေသအတွင်းလုပ်ရပ်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေဖြစ်တယ်ဆိုပြီး ICJ တရားရုံးက ပြောထားတဲ့အချိန်၊ မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ICOE ကလည်း ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေမှာ မြန်မာစစ်တပ်က ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ် ဆိုတဲ့အချက်တွေကို ထောက်ပြနေတဲ့ အချိန်မှာ AA နဲ့ တပ်မတော်တို့ရဲ့တိုက်ပွဲတွေကလည်း ရိုဟင်ဂျာ မွတ်စလင်တွေ အများစုနေထိုင်ကြတဲ့ ဘူးသီးတောင် မောင်တောဒေသမှာ ဖြစ်ပွားနေတာပါ။
ICOE အဖွဲ့ရဲ့ မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ တိုက်တွန်းထားတဲ့အတိုင်း ရခိုင်ပြည်နယ်အတွင်းက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို စုံစမ်းစစ်ဆေးပြီး စစ်တရားရုံးနဲ့ အရေးယူသွားမယ်လို့ တပ်မတော်ဘက်က ပြောထားပေမယ့်လည်း အခုချိန်ထိ ထူးခြားမှုမရှိသေးပါဘူး။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကလည်း စုံစမ်းစစ်ဆေးဖို့ တပ်မတော်ဘက်က လုပ်ဆောင်နေတယ်လို့ပဲ ဒီကနေ့ ထပ်ပြောပါတယ်။
ဘူးသီးတောင်ဒေသမှာ အမျိုးသမီးတွေကို AA အဖွဲ့က မုဒိန်းကျင့်တယ်ဆိုပြီးတော့လည်း တပ်မတော်ဘက်က စွပ်စွဲပါသေးတယ်။
တကယ်တော့ မွတ်စလင်ရွာသားတွေနဲ့ ရခိုင်လူငယ် နှစ်ဦးအကြား ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ခဲ့တဲ့ ပဋိပက္ခကို ဖုန်းကွယ်ချင်လို့ ရိုဟင်ဂျာ မွတ်စလင် အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်ဆိုပြီး ဖုန်းကွယ်တာလို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက တုံ့ပြန်ပါတယ်။
AA နဲ့ တပ်မတော်အကြား တစ်နှစ်ကျော်ကြာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အရင်က ရခိုင်ဒေသခံတွေနဲ့ ပတ်သက်တာတွေများခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ရခိုင်မှာရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့လည်း ပတ်သက်မှုတွေ ပိုများလာနေပါတယ်။