ဘူးသီးတောင်ပစ်ခတ်မှုမှာ ခြောက်နှစ်သမီး ကျည်ထိ
2020.02.08
ဘူးသီးတောင်မြို့နယ်၊ ငလှမ်းပြင်အုပ်စုထဲက ငွေတောင်ရွာထဲကို မနေ့ည ၇ နာရီလောက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အသက် ခြောက်နှစ်ကျော်အရွယ် မချမ်းအေးဖြိုး သေနတ်ကျည်ဆံ ထိမှန်ပြီး ဒဏ်ရာရသွားလို့ စေတီပြင် တိုက်နယ်ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရတယ်လို့ ငွေတောင်ရွာသား မောင်ဆန်းဝင်းက RFA ကိုပြောပါတယ်။
"ဇက်ရှိတယ်၊ နေဗီရှိတယ် မြစ်ထဲမှာ၊ အဲဇက်ပေါ်ကပစ်တာ၊ စစ်ဖြစ်တာလည်း မရှိဘူး၊ အပြန်အလှန် ပစ်တာလည်း မရှိဘူး၊ သက်သက်မဲ့ ကျွန်တော်တို့ရွာဘက်ကို တည့်တည့်ကြီးပစ်တာပဲ။ လက်နက်ကြီးရော လက်နက်ငယ်ပါ အများကြီးပဲ၊ ကျွန်တော်တို့ရွာကလည်း တော်တောင်ကလည်း ရှိတာမဟုတ်ဘူး၊ စစ်ပွဲ တစ်ခါမှလည်း မဖြစ်ဖူးတော့ ဘယ်လိုပြောရမလဲ ပုန်းခိုဖို့နေရာလည်း လုပ်လို့မဖြစ်ဘူးလေ၊ မိန်းကလေး ကျောင်းသူလေးတစ်ယောက်တော့ နည်းနည်းဒဏ်ရာရသွားတယ်၊ မချမ်းအေးဖြိုး ပေါင်ကို ထိသွားတာ၊ စေတီပြင်ဆေးရုံရောက်သွားတယ်။"
ကျန်ခဲ့တဲ့ နှစ်ရက်လောက်ကတော့ သူတို့ရွာအနီး တခြားကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပေမယ့် မနေ့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မြစ်ထဲကနေ တပ်မတော်က ပစ်ခတ်တဲ့အချိန်မှာ အပြန်အလှန် ပစ်ခတ်တာတွေ တိုက်ပွဲဖြစ်တာတွေမရှိဘူးလို့ မောင်ဆန်းဝင်းက ဆိုပါတယ်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကလည်း ဒီဖြစ်စဉ်ကို ငွေတောင်ရွာ ဒေသခံက ဖုန်းဆက်ပြောလို့ ဒဏ်ရာရတဲ့ ကလေးငယ်ကို စေတီပြင်ဆေးရုံကို ပို့ထားတယ်ဆိုတာ သိထားပေမယ့် အတိအကျတော့ မသိဘူးလို့ ပြောပါတယ်။
ဒီနေ့ နေ့လယ် ၁၁ နာရီခန့်မှာလည်း စစ်တွေမြို့အနီးက ရွှေမင်းဂံကျေးရွာနဲ့ ကျေးတောရွာကြားမှာ ရွှေမင်းဂံ ဘက်ကပြန်လာတဲ့ တပ်မတော်ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။
မိုင်းတစ်လုံးသာကွဲပြီး ထိခိုက်မှုမရှိကြောင်းနဲ့ နောက်ထပ် မိုင်းနှစ်လုံးကိုတော့ တပ်မတော်က ရှင်းလင်း သိမ်းဆည်းနိုင်တယ်ဆိုတဲ့ သတင်းကြားသိရကြောင်း ကျေးတောရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းသာ RFA ကိုပြောပါတယ်။
"ကြားတာကတော့ ရွှေမင်းဂံကပြန်အလာမှာ အဲယာဉ်တန်းကို မိုင်းပေါက်တယ်ဆိုပြီးတော့ သတင်းကြားတယ်၊ ၁၁ နာရီဝန်းကျင်လောက်ကဖြစ်တာ၊ ထိခိုက်မှုတော့ ဘာမှရှိဘူးလို့တော့ ကြားတယ်၊ မိုင်းတစ်လုံးကတော့ ပေါက်တယ် ကျန်တဲ့မိုင်းရှာတော့ နှစ်လုံးရသွားတယ်လို့ ပြောသံကြားတယ်၊ အဲလိုပဲကြားတယ် ကျွန်တော်တို့လည်း အဲဒီအနားကို သွားလို့ရတာလည်း မဟုတ်ဘူး၊ တိုက်ပွဲတွေဘာတွေတော့ ဖြစ်တယ်မကြားဘူး။"
ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာနဲ့ တောင်ဦးကျေးရွာနားမှာလည်း ဒီကနေ့ မနက်ပိုင်းကတည်းက တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ညကလည်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ရေပုတ်နဲ့ ဆောက်ခပ်ကျေးရွာ မှာ ရွာထဲကိုပစ်ခတ်ခံရလို့ အမျိုးသမီး သုံးယောက် ထိခိုက်ဒဏ်ရာရသွားလို့ စစ်တွေဆေးရုံကို ပို့ဆောင် ထားရပါတယ်။
ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲ၊ ယာဉ်တန်း မိုင်းခွဲခံရတဲ့အခြေအနေနဲ့ မနေ့ညက မေယုမြစ်ထဲမှာရှိတဲ့ တပ်မတော်ရေရဲ့ ဇက်ပေါ်က ပစ်ခတ်တယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ဆီကို RFA က ဆက်သွယ်ပေမယ့် ညနေပိုင်းအထိ ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။
ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ပလက်ဝမြို့နယ် မီးချောင်းတံတားအနီးမှာရှိတဲ့ တပ်မတော်ရဲ့ လက်နက်ကြီး ပစ်ကူတပ်စခန်းနားနဲ့ ကျောက်တော်မြို့နယ်က ဝက်မကျရွာအနားမှာတော့ မကြာခဏ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ယာဉ်တန်းမိုင်းခွဲခံရတဲ့သတင်းနဲ့ ရသေ့တောင်က တိုက်ပွဲသတင်းတွေ ကတော့ တက်မလာသေးကြောင်းသာ ပြန်လည်ဖြေဆိုပါတယ်။
"ဘူးသီးတောင်မြို့နယ်၊ ငလှမ်းပြင်ရွာဘက်မှာတော့ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာတော့ မရှိဘူးဗျ၊ ရွှေမင်းဂံဘက်မှာ မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းကတော့ ကျွန်တော့ဆီတော့ ဘာမှရောက်လာတာ မရှိသေးဘူးဗျ၊ ရသေ့တောင်မြို့နယ် တောင်ဦးဘက် တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းလည်း ကျွန်တော့ဆီကို ဘာမှရောက်လာတာ မရှိသေးဘူးဗျ။"
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့စလို့ အစိုးရက မိုဘိုင်းအင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့ပြီးနောက် ဆက်တိုက်သလို တိုက်ပွဲတွေလည်း ပြင်းထန်လာနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာဆိုရင် အရပ်သား ထိခိုက်ဒဏ်ရာရမှုဟာ လူပေါင်း ၂၅၀ ကျော်အထိရှိခဲ့တယ်လို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။
အခုနှစ်ဆန်းပိုင်း ဒီနှစ်လတာ ကာလအတွင်းမှာလည်း အရပ်သားထိခိုက်မှုဟာ လူပေါင်း ၃၀ ထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။