ဘူးသီးတောင် ခမရ (၅၆၄) တပ်ရင်းကို သိမ်းလိုက်ကြောင်း AA ထုတ်ပြန်

RFA Burmese
2024.04.05
ဘူးသီးတောင် ခမရ (၅၆၄) တပ်ရင်းကို သိမ်းလိုက်ကြောင်း AA ထုတ်ပြန် ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်။
AA Info Desk

ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို ဧပြီလ ၅ ရက်မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။

အဲဒီစခန်းကို ဧပြီလ ၁ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကြည်းတပ်၊ လေတပ်တွေနဲ့ စစ်ကောင်စီဘက်က ခုခံခဲ့ပေမဲ့ ငါးရက်အကြာ ဧပြီလ ၅ ရက်နေ့ မနက် ၈ နာရီမှာ တပ်ရင်းဌာနချုပ်တစ်ခုလုံးကို သိမ်းယူနိုင်တာလို့ AA က ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၈၀ သေဆုံးခဲ့ပြီး AA ဘက်ကလည်း ကျဆုံးတာတွေရှိတယ်လို့ဆိုပေမဲ့ အတိအကျကိုတော့ မထုတ်ပြန်ပါဘူး။ AA ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။

AA က ဘူးသီးတောင်မြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ ၅၅၂) ကို တစ်လကျော်ကြာ ထိုးစစ်ဆင်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့က အပြီးသတ်သိမ်းယူနိုင်ခဲ့သလို အဲ့နေ့မှာပဲ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း တောင်ဘဇာကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

မောင်တောမြို့က ကြိမ်ချောင်းစခန်းအပါအဝင် ရခိုင်ဒေသတစ်ခုလုံးက လက်နက်မချသေးတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲကာလ လေးလကျော်အတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝစတဲ့ မြို့နယ် ကိုးခုကို AA က သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။