နိုင်ငံသားပြုခွင့်ပေးဖို့ တင်ပြထားတဲ့ ကိစ္စ ဘူးသီးတောင်မှာ ကန့်ကွက်
2016.08.17

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ နိုင်ငံသားလျှောက်ထားတဲ့ မွတ်စလင် ၂၉ ဦးကို နိုင်ငံသားပြုခွင့်ပေးဖို့ကိစ္စကို မြို့ခံတွေက ဒီနေ့ အစည်းအဝေးမှာ ကန့်ကွက်လိုက်ပါတယ်။
မြို့နယ်အဆင့်စိစစ်ရေးကော်မတီက ဥပဒေနဲ့အညီ စနစ်တကျစိစစ်တာမရှိခဲ့တာကြောင့် ကန့်ကွက်တာလို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဘူးသီးတောင်မြို့ခံ ဦးဇော်ဝင်း က ပြောပါတယ်။
"နိုင်ငံသား၊ နိုင်ငံသားပြုပေါ့နော်၊ ဥပဒေမှာ နိုင်ငံသားဖြစ်တာ ပုဒ်မ ၆ တစ်ခုတည်းပါပါတယ်၊ ပြု နိုင်ငံသား အတွက်ဆို ပုဒ်မ ၄၂ ဆိုတာပါတယ်ဗျ၊ အဲ့ဒီဟာတွေနဲ့ မညီညွတ်ဘူပေါ့နော်၊ အဲ့ဒါတွေကို ကျနော်တို့ က ထောက်ပြချင်တာပါ"
မြို့နယ်အဆင့် စိစစ်ရေး ကော်မတီက ပြည်နယ်အဆင့် စိစစ်ရေးကော်မတီထံ တင်ပြထားတဲ့ မွတ်စလင် ၂၉ ဦးဟာ နိုင်ငံသားပြုခွင့်အရည်အချင်းနဲ့ ကိုက်ညီသူတွေမဟုတ်ကြောင်း အရင်အစိုးရလက်ထက်က ဆုံးဖြတ် ထားသူတွေဖြစ်တယ်လို့လည်း ဦးဇော်ဝင်း က ပြောပါတယ်။
မွတ်စလင် ၂၉ ဦးကို နိုင်ငံသားပြုဖို့ ပြည်နယ်အဆင့်ကို တင်ပြခဲ့ကြတဲ့ ဘူးသီးတောင်မြို့နယ်အဆင့် အစိုးရအရာရှိတွေကို အမျိုးသားသစ္စာဖောက်တွေအဖြစ် ကြေညာခဲ့ကြပါတယ်။
ဒါ့အပြင် ဘူးသီးတောင်မြို့နယ်မှာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသား ၇ ရာခိုင်နှုန်းလောက်သာရှိပြီး လုံခြုံမှု ကင်းမဲ့နေတာကြောင့် "နေအိမ်ကိုရောင်းချမည်" ဆိုတဲ့ ပိုစတာကပ်တဲ့ လှုပ်ရှားမှုကိုလည်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘူးသီးတောင်မြို့မှာ ဒီနေ့ စတင်လိုက်ပါတယ်။
မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့စိစစ်ရာမှာ ဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်အောင် တိုက်တွန်းပေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌထံ မနက်ဖြန် စာပေးပို့သွားမယ်လို့လည်း ပြောပါတယ်။
ဒီနေ့ ဘူးသီးတောင်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးကို မြို့ခံအရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သံဃာတော်တွေ၊ မြို့ခံတွေ စုစုပေါင်း လူ ၅၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။