ဘူးသီးတောင် ဗုံးကွဲမှု နောက်ထပ် တစ်ဦးကို ခေါ်ယူစစ်ဆေး


2014.11.06
butheetaung-620.jpg ဘူးသီးတောင် မြို့အဝင်ကို တွေ့ရစဉ်
Photo: Min Thein Aung

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ပြီးခဲ့တဲ့ အောက်တို ဘာလ ၃၁ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘူးသီးတောင်မြို့ပေါ်က မွတ်စလင် ၃ ဦးကို စစ်ဆေးနေရာမှာ မနေ့ကစတင်ပြီး မြို့ပေါ် အမှတ် ၇ ရက်ကွက်က နောက်ထပ် မွတ်စလင် ၁ ဦးကို ခေါ်ယူ စစ်ဆေးနေတယ်လို့သိရပါတယ်။

ဗုံးဖောက်ခွဲတဲ့ တရားခံကို အတည်မပြုနိုင်သေးတဲ့ အတွက် သံသယရှိတဲ့သူတွေကို ခေါ်ယူစစ်ဆေးနေ တာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

မနေ့က ခေါ်ယူစစ်ဆေးခံရသူရဲ့ အစ်ကိုဖြစ်သူဟာ ဗုံးပေါက်ကွဲမှုနဲ့ ဆက်နွယ်မှုရှိပြီး တိမ်းရှောင်နေ တာကြောင့် သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေ အတွက် ညီဖြစ်သူကို ခေါ်ယူစစ်ဆေးနေတာလို့လည်း စုံစမ်းသိရှိရပါတယ်။

ဘူးသီးတောင်မြို့ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနရုံးရှေ့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ညက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့မှာ ကွန်ပျူတာမိတ္တူဆိုင်ရှင်တစ်ဦးနဲ့ စက်ဘီးဆိုင်က မွတ်စလင် ၂ ဦးကို လက်နက်မှုတွေနဲ့ အမှုဖွင့်စစ်ဆေးနေတာလို့သိရပါတယ်။

ဗုံးပေါက်ကွဲမှုအပြီးမှာ သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသုံး ဆင်းကတ်ထည့်ထားတဲ့ နိုကီယာ ဟန်းဆက်တစ်လုံးအပြင် မီးလောင်ကျွမ်းနေတဲ့ ဝါယာကြိုးအပိုင်းအစတစ်ခု၊ သံနို့ဆီဗူးအပိုင်းအစတွေ၊ အက်ဆစ်ရည်တွေနဲ့ စက်ဘီးဘောစေ့တွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဗုံးပေါက်ကွဲမှုအပြီး အာဏာပိုင်တွေဘက်ဘူးသီးတောင်မြို့အတွင်း လုံခြုံရေးအင်အား တိုးမြှင့်ချထားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။