ဘူးသီးတောင်မြို့နယ် နွားရုံတောင်ရွာ နေအိမ်တချို့ မီးရှို့ခံရ
ဘူးသီးတောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ မနေ့ကတိုက်ပွဲကြောင့် နွားရုံတောင်ကျေးရွာ၊ သျှီရှားတောင်၊ ကွမ်းတောင်၊ စပါးထာစတဲ့ ကျေးရွာတွေက ဒေသခံ စုစုပေါင်း ၂၆၀၀ ခန့်ဟာ နေရပ်တွေမှာ မနေရဲတော့ဘဲ ထွက်ပြေးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက်တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ အခြေအနေကို နွားရုံတောင်ကျေးရွာသား ဦးကျော်ထွန်းစိန်က အခုလို ပြောပါတယ်။
"နွားရုံတောင်နားကို လက်နက်ကြီးကျလို့ ထွက်ပြေးကြတာ၊ ကျွန်တော်တို့ စေတီတောင်ကိုရောက်နေပါတယ်၊ ကျွန်တော်တို့ တစ်ရွာလုံးပြေးတာဗျ၊ လေးငါးရှစ်ယောက် တစ်ဖွဲ့စီ လွတ်တဲ့နေရာတွေမှာနေနေကြတာ၊ ကယ်ဆယ်ရေးစခန်းလည်းမရှိတော့အဲ့လိုပဲနေကြပါတယ်၊ ကျွန်တော်တို့ လှမ်းကြည့်နေတာ မီးလောင်တယ်ပဲ မြင်ရပါတယ်၊ ဘယ်နအိမ်လောင်မှန်း မသိဘူး၊ လက်နက်ကြီးကျလို့ လောင်တာလား၊ ဘယ်လိုလောင်မှန်းကို မသိဘူး၊
တိုက်ပွဲကြောင့်ထွက်ပြေးလာသူတွေဟာ စေတီတောင်ကျေးရွာကိုသွားရောက်သူတွေရှိသလို ဘူးသီးတောင်မြို့ပေါ်ကို ထွက်ပြေးသွားသူတွေလည်းရှိတယ်လို့ သိရပါတယ်။ မနေ့ညနေမှာတော့ နွားရုံတောင်ကျေးရွာက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ မီးခိုးတွေကို အနီးအနားကျေးရွာတွေကနေ လှမ်းမြင်နေရကြောင်းဒေသခံတွေက ပြောကြပါတယ်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး ဥက္ကဋ္ဌ ဦးဇော်ဇော်ထွန်းက နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက သတင်းပို့တယ်လို့ RFA ကို ပြောပါတယ်။
"နေအိမ်တွေ ၁၂ လုံးလောက် မီးရှို့ခံရတယ်လို့ သတင်းပေးပို့လာပါတယ်၊ အတည်ပြုချက်ရပါပြီ၊ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ တပ်က ဝင်လာတယ် သူတို့ထွက်ပြေးတယ်၊ မကြာခင်မှာပဲ မီးလောင်တာကို တွေ့ရတယ်ဆိုတော့ တပ်ကမီးရှို့တယ်လို့ တစ်ထစ်ချ ယုံကြည်နေကြပါတယ်၊ တပ်ကမီးရှို့နေတဲ့ ပုံအထောက်အထားတွေကတော့ မတွေ့ဘူးပေါ့နော်"
ဒါပေမဲ့ တပ်မတော်က မီးရှို့သွားတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေတော့ မရရှိကြောင်းလည်း ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုတော့ တပ်မတော်ဘက်က ငြင်းဆိုထားပါတယ်။
တပ်မတော်ကို အထင်အမြင်လွဲမှားအောင် အဲဒီနေအိမ်တွေကို AA အဖွဲ့က မီးရှို့ဖျက်ဆီးသွားတာဖြစ်ပြီး တပ်မတော်သားတွေက မီးငြိမ်းသတ်ပေးခဲ့ရကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
"နွားရုံတောင်နားမှာ တိုက်ပွဲဖြစ်တယ်၊ ဖြစ်တဲ့အချိန်မှာ မီးလောင်လို့တောင်မှ ကျွန်တော်တို့ တပ်ကသွားပြီးတော့ ငြှိမ်းပေးရသေးတယ်၊ AA က ကျွန်တော်တို့ကို ပစ်ပြီးတော့ ကားလမ်းဘေးနားနဲ့ ကပ်နေတဲ့ အိမ်တွေကို မီးရှို့ပြီးတော့ ကျွန်တော်တို့တပ်ကနေမီးရှို့တယ်ဆိုပြီး တန်ပြန်ဝါဒဖြန့်တဲ့သဘောမျိုးနဲ့ ဒီလိုလုပ်တယ်လို့ ထင်ပါတယ်၊ လောင်သွားတဲ့ အိမ်တွေကို ကျွန်တော်တို့က မီးသွားသတ်ပေးတာကို သေချာမှတ်တမ်းဓာတ်ပုံနဲ့ လုပ်ခိုင်းထားပါတယ်"
တပ်မတော်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ငြင်းဆိုပါတယ်။
"ကျွန်တော်တို့က ရခိုင်ရွာကို မီးရှို့မလား၊ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတွေကို ကာကွယ်ပေးနေတဲ့ အဖွဲ့အစည်းက ရခိုင်ရွာကို မီးရှို့မလား အဲဒီကိစ္စ ကလေးတောင် စဉ်းစားလို့ပါတယ်၊ အဲ့ဒါ ကျွန်တော်တို့ရှို့တာ လုံးဝမဟုတ်ဘူး၊ မနေ့ကဖြစ်တာ နွားရုံတောင်မှာ သူတို့က ဝင်ပြီးတော့ မီးရှို့သွားခဲ့တာ၊ ဗမာစစ်တပ်က သူတို့လုပ်နေကြအလုပ်ပဲဗျ၊ မြေလှန်စနစ်ကျင့်သုံးနေတာ အခုဟာက၊ ဘယ်နေရာမှာမဆို သူတို့ အထိအခိုက် အကျအဆုံးရှိပြီဆိုရင် အဲ့မှာရွာကိုဝင်ပြီးမီးရှို့မယ်၊ တွေ့သမျှလူတွေကိုဖမ်းမယ် နှိပ်စက်မယ် အဲ့လိုမျိုး သူတို့လုပ်နေတာပဲ"
ဘယ်အဖွဲ့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်ဆိုတာကိုတော့ RFA က သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကတော့ နေအိမ်တွေ မီးရှို့ခံရတဲ့ သတင်းကို ကြားသိရကြောင်းနဲ့ ဘယ်အဖွဲ့က မီးရှို့သွားတယ်ဆိုတာကို အတိအကျ ပြောလို့မရသေးကြောင်း ပြောပါတယ်။
"နွားရုံတောင်ကျေးရွာကို ညနေဘက် ၅ နာရီ ၁၀ မိနစ်ကစပြီး မီးတိုက်ခံရတယ်ပြောတယ်၊ ည ၇ နာရီကျော်အထိ မီးခိုးတွေ တက်နေသေးတယ်လို့ ကျေးရွာသားတွေက ကျွန်တော်ဆီ ဆက်သွယ်ပြီးသတင်းပို့ပါတယ်၊ လောလောဆယ် မီးတိုက်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ အတည်ပြုလို့ရပါတယ်၊ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ အဲ့ကျေးရွာကို ကျွန်တော်တို့ သွားနိုင်တဲ့ အချိန်ကျမှ ပြောနိုင်ပါမယ်ခင်ဗျ"
နွားရုံတောင်၊ ဆင်ဂိုးတောင်၊ စပါးထား၊ ကံပြင်၊ ရေဆိုးချောင်း၊ ရေခေါင်းချောင်းစတဲ့ကျေးရွာတွေအနီးမှာ AA အဖွဲ့က တပ်မတော်စစ်ကြောင်းကို မကြာခဏဆိုသလို မိုင်းခွဲတိုက်ခိုက်တာတွေရှိနေတဲ့ နေရာဖြစ်ပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံးက ကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးသောင်းကျော် အထိရှိနေပါတယ်။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)