ဘူးသီးတောင်မြို့နယ်မှာ မိုင်းပေါက်တာကြောင့် လူ ၂ ဦး သေဆုံး
2018.12.07

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာအုပ်စု ထိပ်တူးပေါက်တောင်တန်းအနီးမှာ မနေ့ညနေက မြေမြှုပ်မိုင်းပေါက်ကွဲတာကြောင့် ဆိုင်ကယ်မောင်းနှင်လာသူ ၂ ဦး သေဆုံးခဲ့ပါတယ်။
အဲဒီမြေမြှုပ်မိုင်းကို ဘယ်အဖွဲ့က ထောင်ခဲ့တာလည်းဆိုတာနဲ့ သေဆုံးသူတွေ ဘယ်သူတွေဖြစ်တယ်ဆိုတာကို လက်ရှိအချိန်မှာ စစ်ဆေးနေဆဲဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက RFA ကို ပြောပါတယ်။
သေဆုံးသူတွေဟာ ရသေတောင်မြို့နယ်ဘက်ကနေ ဘူးသီးတောင်မြို့နယ်နဲ့ ၅ မိုင်ခန့်အကွာမှာရှိတဲ့ ကျောက်ရန်ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့ ထွက်ခွာလာချိန်မှာ မိုင်းထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို စစ်ဆေးပြီး ဘူးသီးတောင်ဆေးရုံးကို လွဲပြောင်းထားကြောင်းနဲ့ ဘာကြောင့် မိုင်းထိမှန် သေဆုံးတယ်ဆိုတာနဲ့ ဘယ်အဖွဲ့က မိုင်းထောင်တယ်ဆိုတာကို စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ဦးကျော်မင်းထွန်းက ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့လိုက်တာပါ။